အာဖရိကတိုက်ကို ကူညီထောက်ပံ့ငွေ ၁၂ ဘီလီယံပေးမည်ဟု တရုတ်ဝန်ကြီးချုပ် ကတိပြု

ပို့စ်တင်ချိန် - 5/10/2014 07:09:00 PM


အဒစ်အဘာဘာ၊ မေ ၉

အာဖရိကတိုက်အတွက် အပိုကူညီ ထောက်ပံ့ငွေ ၁၂ ဘီလီယံ ပေးအပ်သွားမည်ဟု တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်က ကတိပြုလိုက်ပြီး မြန်နှုန်းမြင့် မီးရထား စီမံကိန်းများ လုပ်ဆောင်နိုင်ရေးအတွက် အဆင့်မြင့် နည်းပညာများ ပေးအပ်သွားမည်ဟု ကမ်းလှမ်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

အီသီယိုးပီးယားနိုင်ငံ အဒစ်အဘာဘာ မြို့တော်ရှိ အာဖရိကသမဂ္ဂအဖွဲ့ ဌာနချုပ်၌ မိန့်ခွန်း ပြောကြားရာတွင် တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်က ယခုကဲ့သို့ ကတိပြုလိုက်ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံက အာဖရိကတိုက်အတွက် ချေးငွေဒေါ်လာ ၁၀ ဘီလီယံ ပေးအပ်မည် ဖြစ်ပြီး တရုတ်-အာဖရိက ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအတွက် ဒေါ်လာ ၂ ဘီလီယံ ပိုမိုပေးအပ်မည်ဟု ကတိပြုလိုက်ခြင်းကြောင့် စုစုပေါင်း ရန်ပုံငွေ ပမာဏမှာ ဒေါ်လာ ၅ ဘီလီယံထိ ရောက်ရှိသွားမည် ဖြစ်သည်ဟု တရုတ်နိုင်ငံပိုင် Xinhua သတင်းတွင် ဖော်ပြထားသည်။

အာဖရိက အသိုင်းအဝိုင်းကြား ပူးပေါင်း ဆောင်ရွက်မှုနှင့် ဆက်သွယ်မှု တိုးမြှင့်နိုင်ရန် အာဖရိကမြို့တော် အားလုံးကို မြန်နှုန်းမြှင့် မီးရထားများဖြင့် ဆက်သွယ်ရန် လိုအပ်သည်ဟု လီက ထုတ်ဖော် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှာ မြန်နှုန်းမြှင့် မီးရထား နည်းပညာနယ်ပယ်တွင် တိုးတက်မှုများ ရရှိနေသဖြင့် အထက်ဖော်ပြပါ စိတ်ကူး လက်တွေ့ အကောင်အထည် ဖော်လာရန် အသင့်ရှိကြောင်း တရုတ် ခေါင်းဆောင်က ဆက်လက်ပြောကြားသည်။

ထို့အပြင် တရုတ်နိုင်ငံ၏ ဝယ်လိုအား များပြားခြင်းကြောင့် အာဖရိကတိုက်တွင်း မျိုးတုံး ပျောက်ကွယ်လုနီးပါး ဖြစ်နေသည့် ဆင်စွယ်နှင့် ကြံ့ချိုများ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နိုင်ရေး လုပ်ငန်းတွင် သုံးစွဲနိုင်ရန် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ပေးမည်ဟု တရုတ်က ကတိပြုသည်။

လက်ရှိ အာဖရိက ခရီးစဉ်သည် တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်၏ ပထမဆုံး အာဖရိက ခရီးစဉ်ဖြစ်ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ပထမဆုံး အာဖရိကခရီးစဉ် (၂၀၁၃ ခုနစ်) ပြီးနောက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

တရုတ်သမ္မတ၏ ခရီးစဉ်အတွင်း ဒေါ်လာ ၂၀ ဘီလီယံ ချေးငွေပေးမည်ဟု ကတိပြုခဲ့ကာ တရုတ်ဝန်ကြီးချုပ်၏ ခရီးစဉ်အတွင်း ဒေါ်လာ ၁၀ ဘီလီယံ ချေးငွေပေးမည်ဟု ထပ်မံကတိပြုခဲ့သည်။

တရုတ်ဝန်ကြီးချုပ် လီကွပ်ချောင်၏ အာဖရိက ခရီးစဉ်အတွင်း ရေနံ ကြွယ်ဝသည့် နိုင်ဂျီးရီးယားနှင့် အင်ဂိုလာနိုင်ငံများသို့ သွားရောက်မည် ဖြစ်သော်လည်း ဝန်ကြီးချုပ်၏ ခရီးစဉ်မှာ စွမ်းအင် သဘောတူညီချက်များ ရရှိရေး သွားရောက်သည့် ခရီးစဉ်မဟုတ်ဘဲ အာဖရိက တိုက်သားများ၏ လူနေမှု အဆင့်အတန်း တိုးမြှင့်ရာတွင် အကူအညီပေးရန် သွားရောက်ခြင်း ဖြစ်သည်ဟု တရုတ်အစိုးရ အရာရှိများက ပြောကြားသည်။

“တရုတ် ဖွံ့ဖြိုးတိုးတက်မှုက အာဖရိကအတွက် အခွင့်အလမ်းဖြစ်ပြီး အာဖရိက ဖွံ့ဖြိုးတိုးတက်မှုက တရုတ်အတွက် အကျိုးဖြစ်စေတယ်ဆိုတာ သမိုင်းနဲ့ လက်တွေ့ဖြစ်ရပ်တွေက သက်သေပြပြီး ဖြစ်ပါတယ်” ဟု တရုတ် ဝန်ကြီးချုပ်က ပြောကြားသည်။

သို့သော်လည်း တရုတ်ခေါင်းဆောင်များ၏ အာဖရိက ခရီးစဉ်များတွင် သဘာဝဓာတ်ငွေ့နှင့် စွမ်းအင် သဘောတူညီချက် စာချုပ်ကြီးများသာ ချုပ်ဆိုလေ့ ရှိသဖြင့် အာဖရိကတိုက်၏ သယံဇာတများ အပေါ်တွင်သာ တရုတ်က စိတ်ဝင်စားကြောင်း အချို့က ဝေဖန်ထားသည်။

တရုတ်နှင့် အာဖရိကကြား ဆက်သွယ်မှုသည် လက်ရှိ ကာလတွင်သာမကဘဲ အာဖရိကနိုင်ငံများ၏ လွတ်လပ်ရေး ကြိုးပမ်းမှု၊ အမျိုးသား လွတ်မြောက်ရေး လှုပ်ရှားမှု ကာလများကတည်းက တရုတ်ကွန်မြူနစ် ခေါင်းဆောင်များက ထောက်ခံအားပေးခဲ့သည်။

အာဖရိက နိုင်ငံများကလည်း တရုတ်နိုင်ငံမှာ အနောက်တိုင်း လွှမ်းမိုးမှုကို တန်ပြန်နိုင်မည့်နိုင်ငံ ဖြစ်သည်ဟု ယူဆထားသည်။

The Voice Weekly