နဂါးကြီးကြိုက်တဲ့ ယွမ်တစ်သိန်းတန် မြန်မာသတို့သမီး

ပို့စ်တင်ချိန် - 5/28/2014 05:57:00 PM



မောင်တာ၊ အေးမွန်ရာပြည့်

‘‘တရုတ်ပြည်ဘက်မှာ အနှိပ်ခန်းဖွင့်မယ်။ သမီးကို အဲဒီမှာ အလုပ်ပေးမှာ။ အပြင်ထွက်စရာလည်းမလိုဘူး။ အေးအေးဆေးဆေး သက်သက်သာသာပဲ။ လစာလည်းကောင်းတယ်။ စပွန်ဆာလည်းရှိတယ်။ သမီးတော့ သေချာပေါက် ချမ်းသာတော့မှာ’’

အသက်(၂၀)အရွယ် မပုံ့ပုံ့ (အမည်လွှဲ)အား တရုတ်ပြည်နယ်စပ်ဘက်သို့လိုက်ကာ အလုပ်လုပ်မည်ဆိုလျှင် မပင်မပန်းဘဲ ငွေများစွာရပြီး ချမ်းသာနိုင်မည့်အကြောင်းကို အသက်သုံးဆယ်ကျော်အရွယ် အမျိုးသမီးက သူမ၏လက်တွင် ၀တ်ဆင်ထားသည့် ရွှေလက်ကောက်များကို တချွင်ချွင်လှုပ်ယမ်းရင်း ပြောပြနေခြင်းဖြစ်သည်။

‘‘ဟိုရောက်ပြီး ကိုယ်ကြိုက်တာတွေ့လို့ တရုတ်ယောက်ျားကို ယူမယ်ဆိုရင်လည်းရတယ်။ ကိုယ်က ဘာမှလုပ်စရာမလိုဘူး။ တစ်လကို ငွေသိန်းချီရမှာ။ ခြောက်လတစ်ခါ ကိုယ့်မိဘဆီ ပြန်လည်လို့ရတယ်။ တရုတ်ယောက်ျားနဲ့ယူပြီး ကလေးမွေးပေးရင် သူတို့က ပိုသဘောကျတယ်’’ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။

အသားဖြူဖြူ၊ ခန္ဓာကိုယ်ပါးလှပ်လှပ်နှင့် ဆံပင်ကို အရောင်ဆိုးထားသော မပုံ့ပုံ့အား ၎င်းခေါ်ဆောင်သည့် တရုတ်ပြည်နယ်စပ်သို့လိုက်ပြီး အလုပ်လုပ်မည်ဆိုလျှင် များစွာအဆင်ပြေနိုင်ကြောင်းကို ရွှန်းရွှန်းဝေအောင် ပြောနေသည်။ ပုံ့ပုံ့လိုအမျိုးသမီးငယ်လေးများအား တရုတ်အမျိုးသားထံ ရောင်းစားမည်ဆိုလျှင် အမြတ်ငွေ မြိုးမြိုးမြက်မြက် အမြန်ရမည်ကို အမျိုးသမီးကြီးက သိနေသည်။ ထို့ကြောင့် တရုတ်ပြည်နယ်စပ်သို့ လိုက်ခဲ့ရန် ပြောပြစည်းရုံးနေစဉ်မှာပင် လမ်းစရိတ်အဖြစ် ကျပ်သုံးသိန်းကို မပုံ့ပုံ့အား တစ်ခါတည်း ထုတ်ပေးလိုက်သည်။

၂၀၁၄ နှစ်ဆန်းပိုင်းက မန္တလေးမြို့စွန်ရပ်ကွက်ရှိ တဲအိမ်ငယ်အတွင်း အမျိုးသမီးကြီးတစ်ဦးက ၎င်းအား တရုတ်ပြည်သို့လိုက်ခဲ့ရန် လာရောက်စည်းရုံးခေါ်ဆောင်သည့် အကြောင်းများကို မပုံ့ပုံ့ကတစ်ဆင့် ပြန်လည်ပြောပြနေခြင်းဖြစ်သည်။ အိမ်ထောင်ဖက်သတို့သမီးရှားပါးနေသော တရုတ်အမျိုးသားများထံ ရောင်းစား
ရန် နှစ်စဉ်ရာချီသော မြန်မာအမျိုးသမီးများ လူကုန်ကူးခံနေရသည်။

အသိပညာဗဟုသုတနည်းပါးခြင်း၊ စီးပွားရေးကျပ်တည်းခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးခြင်း၊ အိမ်တွင်းရေးမိသားစုပြဿနာများရှိခြင်း၊ ငွေကြေးအလွယ်တကူ ရလိုခြင်းနှင့် ဘ၀ရပ်တည်ရေး အခက်ခဲဖြစ်နေသော အမျိုးသမီးများအား လူပွဲစားများက အဓိကပစ်မှတ်ထားကာ လူကုန်ကူးရန် ကြိုးစားနေမှုများ မြန်မာနိုင်ငံတွင် တစ်နေ့တခြား များပြားလာနေကြောင်း မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တာဝန်ရှိသူများက ပြောသည်။

လူပွဲစားများသည် အမျိုးသမီးငယ်များအား တရုတ်နယ်စပ်သို့ လိမ်လည်စည်းရုံးခေါ်ဆောင်ကာ တရုတ်အမျိုးသားများထံ ရောင်းစားခဲ့ကြရာမှ လက်ရှိအချိန်တွင် တရုတ်အမျိုးသားနှင့် လက်ထပ်ယူရန် ပေါ်တင်စည်းရုံးကာ လူကုန်ကူးမှုများပင် ရှိနေကြောင်း ဗန်းမော်မြို့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး တပ်ဖွဲ့စုမှူးရုံး (မန္တလေး)၏ တပ်ဖွဲ့စုမှူးဖြစ်သည့် ရဲမှူးဖေသိန်းကျော်က ပြောသည်။

အဓမ္မထိမ်းမြားလက်ထပ်ပြီး လိင်ကျွန်ပြုရန်၊ ပြည့်တန်ဆာများအဖြစ် စေခိုင်းရန်၊ လုပ်အားခေါင်းပုံဖြတ်ရန်၊ ကိုယ်လက်အင်္ဂါနှင့် ခန္ဓာကိုယ်တွင်းရှိ ကလီစာများ ရောင်းစားရန် အပါအ၀င် ပုံစံခုနစ်မျိုးဖြင့် လူကုန်ကူးမှုများ ဖြစ်ပွားလေ့ရှိသော်လည်း လက်ရှိအချိန်တွင် မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုများအနက် တရုတ်အမျိုးသားများနှင့် အဓမ္မလက်ထပ်ရန်၊ တရုတ်မယားအဖြစ် ရောင်းစားရန် လူကုန်ကူးမှုများမှာ အဆိုးရွားဆုံး ဖြစ်နေသည်။

၂၀၀၆ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် လူကုန်ကူးမှု ၉၉၉ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့သည်။ အမျိုးသမီး ၁၈၀၀ ကျော် အပါအ၀င် လူ ၂၂၀၀ ကျော်ကို လူကုန်ကူးမှုအန္တရာယ်မှ ကာကွယ်တားဆီးနိုင်ခဲ့သည်။ ယင်းဖြစ်စဉ်များထဲမှ ၇၀ ရာခိုင်နှုန်းကျော်ဖြစ်သော အမှုပေါင်း ၆၀၀ ကျော်မှာ တရုတ်နိုင်ငံသို့ အဓိက ဦးတည်သော လူကုန်ကူးမှုများဖြစ်သည်ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်း၊ စားဝတ်နေရေး အဆင်မပြေခြင်းနှင့် တရုတ်နိုင်ငံတွင် သတို့သမီးလိုအပ်ချက် များပြားနေခြင်းကြောင့် မြန်မာအမျိုးသမီးများ နည်းလမ်းမျိုးစုံဖြင့် စည်းရုံးခံရကာ လူကုန်ကူးခံနေကြရသည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးမင်းနိုင်က ပြောသည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော တရုတ်နိုင်ငံသည် ၁၉၇၅ ခုနှစ်ဝန်းကျင်မှ စတင်ကာ တစ်အိမ်ထောင် ကလေးတစ်ဦးနှုန်းသာ ယူရမည့်စနစ်ကို စတင်ကျင့်သုံးခဲ့သည်။ ရိုးရာအစဉ်အလာအရ သားယောက်ျားလေးကိုသာ တန်ဖိုးထားသည့် တရုတ်မိဘများကြောင့် လက်ရှိ တရုတ်နိုင်ငံတွင် အမျိုးသားဦးရေသည် အမျိုးသမီးဦးရေထက် သိသာစွာ ပိုမိုများပြားလျက်ရှိနေသည်။

တရုတ်နိုင်ငံအစိုးရ၏ ထုတ်ပြန်မှုများအရ ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း တရုတ်အမျိုးသား သန်း ၄၀ မှာ အိမ်ထောင်ပြုရန် သတို့သမီးရှာမရဘဲ ဖြစ်နေသည်။ တရုတ်အမျိုးသားများအတွက် သတို့သမီးလိုအပ်ချက်မှာ ဆက်လက်မြင့်တက်နေမည်ဖြစ်ပြီး လာမည့် ၂၀၅၀ ပြည့်နှစ်တွင် တရုတ်အမျိုးသားများနှင့် လက်ထပ်ရန် သတို့သမီး သန်း ၅၀ လိုအပ်မည်ဟု ဆိုသည်။

ကုလသမဂ္ဂ၏အဆိုအရ ကမ္ဘာတစ်ဝန်း အမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် ပိုမိုများပြားနေသည်။ တရုတ်နိုင်ငံတွင် အမျိုးသမီး ၁၀၀ လျှင် အမျိုးသား ၁၂၅ ဦး ရှိနေသည်ဟု ဆိုသည်။ တရုတ်နိုင်ငံရှိ ကျန်စီ၊ ဂွမ်ဒေါင်း၊ ဟိုင်နန်နှင့် အန်ဟွေးပြည်နယ်များတွင် အမျိုးသားဦးရေမှာ အမျိုးသမီးဦးရေထက် ၃၀ ရာခိုင်နှုန်း ပိုများနေသည်။ တရုတ်ရိုးရာဓလေ့အရ ထိမ်းမြားလက်ထပ်စရိတ်ကြီးမြင့်ခြင်းနှင့် အမျိုးသား အမျိုးသမီး အချိုးမညီဖြစ်နေခြင်းများကြောင့် မသန်စွမ်းသူ၊ ဆွံ့အသူ၊ စိတ်ပေါ့သွပ်သူနှင့် အသက်ကြီးသူ တရုတ်အမျိုးသားများမှာ အိမ်ထောင်ဖက်ရရန် ခဲယဉ်းနေသည်။

ထို့အတွက် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်မြောက်ပိုင်းမှ အမျိုးသမီးများသည် တရုတ်တောသားတို့၏ အဓိကပစ်မှတ်ဖြစ်လာနေသည်။ နိုင်ငံခြားသူကို ၀ယ်ယူပြီး ဇနီးမယားအဖြစ် ပေါင်းသင်းခြင်းသည် တရုတ်အမျိုးသားများကြောင့် ပိုမိုကျယ်ပြန့်လာနေသည်ဟု ဆိုသည်။

နိုင်ငံအတွင်း သတို့သမီးရှာမရသော တရုတ်အမျိုးသားများက အိမ်နီးချင်းနိုင်ငံများမှ အမျိုးသမီးများကို ပစ်မှတ်ထားပြီး ငွေပေးဝယ်ယူကာ ဇနီးမယားအဖြစ် ပေါင်းသင်းနေထိုင်ခြင်းသည် တရုတ်နိုင်ငံတွင် ဓလေ့ထုံးစံတစ်ခုသဖွယ် ဖြစ်လာနေသည်ဟု မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက သူ၏ နိုင်ငံဖြတ်ကျော် ငရဲခန်းနှင့် သားကောင်တို့ နားခိုရာဆိုသည့် လူကုန်ကူးမှုပညာပေးစာအုပ်နှစ်အုပ်တွင် ရေးသားထားသည်။

တရုတ်နယ်စပ်တစ်လျှောက်တွင် လူကုန်ကူးခြင်းနှင့် သတို့သမီးအရောင်းအ၀ယ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်လာနေပြီး မြန်မာအမျိုးသမီးငယ်များလည်း တရုတ်အမျိုးသားထံ ရောင်းစားရန် နည်းလမ်းမျိုးစုံဖြင့် စည်းရုံးခံနေရသည်ဟု ဆိုသည်။

တရုတ်အမျိုးသားသည် တရုတ်အမျိုးသမီးကို လက်ထပ်ပေါင်းသင်းခွင့်ရရန် အနိမ့်ဆုံး ယွမ်ငွေငါးသောင်း (အမေရိကန်ဒေါ်လာ ၇၃၀၀) ပေးအပ်ရပြီး မြန်မာအမျိုးသမီးကို ဇနီးမယားအဖြစ် ပေါင်းသင်းရန် ၀ယ်ယူမည်ဆိုလျှင် ယွမ်ငွေနှစ်သောင်း (အမေရိကန်ဒေါ်လာ ၃၀၀၀)သာ ပေးချေရသည်ဟု တရုတ်-မြန်မာနယ်စပ်မှ သတို့သမီးအောင်သွယ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ပြောကြောင်း ရဲမှူးချုပ်ဝင်းနိုင်ထွန်း၏ စာအုပ်တွင် ရေးသားထားသည်။

ထိုသို့ ဈေးနှုန်းချိုသာခြင်းကြောင့် တရုတ်မိဘများမှာ လူကုန်ကူးပွဲစားများမှတစ်ဆင့် မြန်မာအမျိုးသမီးများကို ၀ယ်ယူကြသည်ဟု ဆိုသည်။ မြန်မာနယ်စပ်အနီး တရုတ်နိုင်ငံအတွင်းရှိ ကျေးရွာအချို့တွင် မြန်မာအမျိုးသမီး ၁၀ ဦးမှ ၁၅ ဦးအထိ ရှိနေသည့် ရွာများပင်ရှိနေကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲမှူးချုပ်ဝင်းနိုင်ထွန်းက သူ၏ လူကုန်ကူးမှုပညာပေးစာအုပ်များတွင် ရေးသားထားသည်။

တရုတ်အမျိုးသားနှင့် ပေးစားခံရသူ မြန်မာအမျိုးသမီးများမှာ အသက် (၁၈) နှစ်အရွယ်နှင့် (၄၅) နှစ်ကြား အများဆုံးဖြစ်ပြီး တစ်ခါတစ်ရံတွင် အသက် (၁၈) နှစ်အောက် မိန်းကလေးငယ်များပါ ပါဝင်သည်ဟု ဒု-ရဲမှူးမင်းနိုင်ကပြောသည်။ ရှစ်နှစ်အတွင်း တရုတ်အမျိုးသားထံ ရောင်းစားရန် လူကုန်ကူးမှု ၆၀၀ ကျော် ဖြစ်ပွားခဲ့ရာ မြန်မာအမျိုးသမီးများအား တရုတ်မှ အမြင့်ဆုံးပေးဝယ်သည့်ဈေးမှာ ယွမ်ခြောက်သောင်းခွဲဖြစ်သည်ဟု ၎င်းကပြောသည်။

တရုတ်သို့ ရောင်းစားခံရပြီးလျှင် အများစုမှာ နေ့ခင်းဘက်တွင် တောင်ယာလုပ်ငန်းများ လုပ်ကိုင်ရပြီး ညဘက်တွင် တရုတ်မယားအဖြစ် နေထိုင်ကြရသည်။ လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူအချို့သည် အချို့တရုတ်အိမ်များတွင် သားအဖသုံးယောက်ကို လင်တော်ရမှုများထိ ရှိသည်ဟုဆိုသည်။

‘‘လက်မပါတာ၊ ခြေနှစ်ဖက်ပြတ်နေတာ၊ နားနှစ်ဖက်ကန်းနေတာ၊ စိတ်မနှံ့တာတွေဖြစ်နေတဲ့ ယောက်ျားတွေနဲ့ ယူကြရတာ။ တချို့ဆို သားအဖသုံးယောက်နေတဲ့အိမ်ကို ရောက်သွားတာမျိုးရှိဖူးတယ်။ အဲဒါကျ ပြည့်တန်ဆာဝယ်သလိုကို ဖြစ်သွားပြီ’’ဟု ရဲမှူးဖေသိန်းကျော်က ပြောသည်။

လူကုန်ကူးခံရသူ အမျိုးသမီးများ၏ ရင်နင့်ဖွယ်ရာ ဖြစ်ရပ်များမှာ တစ်ယောက်တစ်မျိုးစီ မရိုးနိုင်အောင် ရှိနေသည်။ တရုတ်အမျိုးသားအား သားယောက်ျားလေး မွေးပေးပြီးပါက အခြားတရုတ်အမျိုးသားတစ်ဦးထံ လျှော့ဈေးဖြင့် ပြန်လည်ရောင်းချခံရမှုများလည်း ရှိတတ်သည်။

တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရပြီး ပြန်လည်လွတ်မြောက်လာသူများတွင်လည်း HIV၊ AIDS စသည့်ရောဂါများ၊ စိတ်ဓာတ်ပိုင်းဆိုင်ရာဒဏ်ရာများ၊ ထိခိုက်မှုများ ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

မြန်မာနိုင်ငံတွင်း ဒေသဖွံ့ဖြိုးမှုနည်းသော မြို့ရွာများတွင် နေထိုင်သူများနှင့် နယ်စပ်ဒေသများတွင် နေထိုင်သူများမှာ လူကုန်ကူးမှုအန္တရာယ် အများဆုံးရင်ဆိုင်ကြုံတွေ့နေရသည်ဟု မြန်မာနိုင်ငံတွင်း လူကုန်ကူးမှုတားဆီးကာကွယ်ရေး လာရောက်လုပ်ဆောင်နေသည့် World Vision မှ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် လူကုန်ကူးမှုတိုက်ဖျက်ရေး လက်ထောက် စီမံချက်မန်နေဂျာ ဦးကျော်မြင့်ဦးက ပြောသည်။

အသိပညာ ဗဟုသုတနည်းပါးခြင်းမှာ လူကုန်ကူးမှုများ ဖြစ်ပွားစေသည့် အဓိကအကြောင်းရင်းဖြစ်ပြီး မိသားစုအခက်အခဲနှင့် ဘ၀ရပ်တည်ရေးအတွက် နေရပ်ပြောင်းရွှေ့လုပ်ကိုင်ကြရာမှ လူပွဲစားများ၏ အခွင့်အရေးယူခြင်းခံရပြီး လူကုန်ကူးခံကြရခြင်းဖြစ်သည်ဟု ဦးကျော်မြင့်ဦးကပြောသည်။

ဒေသတွင်းတိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ပြီး ဘိန်းနှင့်မူးယစ်ဆေးဝါး သုံးစွဲမှုများပြားနေသော တရုတ်နိုင်ငံနှင့် ထိစပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်(တအောင်း)ဒေသတွင် လူကုန်ကူးမှုနှင့် ပလောင်အမျိုးသမီးများ တရုတ်အမျိုးသားနှင့် လက်ထပ်မှုမှာ စိုးရိမ်ဖွယ်ရာ အခြေအနေထိ ရောက်ရှိနေပြီဟု တအောင်းအမျိုးသမီးအစည်းအရုံး အထွေထွေအတွင်းရေးမှူး ဒီဒီပိုးစေင် (ဒီဒီပိုကြိမ်း)က ပြောသည်။

တအောင်းအမျိုးသမီးအစည်းအရုံးသည် ပလောင်အမျိုးသမီးများ အခွင့်အရေးအတွက် လှုပ်ရှားလုပ်ကိုင်နေသော အဖွဲ့ဖြစ်သလို ယခင်က ရွှေလီမြို့နှင့် လက်ရှိတွင် မူဆယ်မြို့၌ နားခိုရာဂေဟာငယ်လေးများဖွင့်ကာ လူကုန်ကူးခံအမျိုးသမီးများအား ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းတစ်ခုလည်းဖြစ်သည်။

ပလောင်ဒေသရှိ ကျေးရွာတိုင်းတွင် တရုတ်အမျိုးသားနှင့် လက်ထပ်ထားသူ တိုင်းရင်းသူအမျိုးသမီး အနည်းဆုံးငါးဦးနှင့်အထက် ရှိနေကြောင်း ၎င်းကပြောသည်။ ပလောင်အမျိုးသမီးများ တရုတ်အမျိုးသားနှင့် လက်ထပ်ခြင်းသည် အချို့က လူကုန်ကူးခံရ၍ဖြစ်သလို အချို့မှာ နယ်စပ်သို့ သွားရောက်လုပ်ကိုင်ရင်း ကိုယ်တိုင်သဘောတူ လက်ထပ်ထားသူများလည်း ရှိသည်။

လက်ဖက်စိုက်ပျိုးရေးကို အဓိကစီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်သော ပလောင် (တအောင်း) ဒေသတွင် လက်ဖက်ဈေးနှုန်းကျဆင်းခြင်းကြောင့် အလုပ်လက်မဲ့ပြဿနာ ကြီးထွားနေသည်။ ထို့အတွက် ဒေသခံတိုင်းရင်းသူ၊ တိုင်းရင်းသားများမှာ အခြားဒေသများသို့ ရွှေ့ပြောင်းအလုပ်သမားများအဖြစ် သွားရောက်လုပ်ကိုင်မှုများသည်။

ထို့အပြင် ပလောင်လူငယ်အများစုမှာ မူးယစ်ဆေးစွဲမှုပြဿနာကြောင့် စားဝတ်နေရေးခက်ခဲပြီး အမျိုးသမီးများ ပြင်ပထွက်အလုပ်လုပ်ကိုင်ရာမှ အဆင်မပြေဖြစ်၍ ယခုကဲ့သို့ တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းခြင်းနှင့် လူကုန်ကူးခံရမှု များပြားနေခြင်းဖြစ်ကြောင်း ဒီဒီပိုးစေင် (ဒီဒီပိုးကြိမ်)က ပြောသည်။

‘‘ဒီမှာနေရတာ ဆင်းရဲတယ်။ စားဝတ်နေရေး အဆင်မပြေဘူး။ ဟိုမှာ အလုပ်လုပ်ရင်းနဲ့ ရောင်းစားခံရတဲ့သူရှိသလို အိမ်မှာနေရင်းနဲ့ ပွဲစားတွေကလာပြီး မြှူဆွယ်စည်းရုံးလို့ ပါသွားပြီးတော့ ရောင်းစားခံရတာတွေလည်းရှိတယ်။ တရုတ်ပြည်ရောက်သွားရင် ချမ်းသာမယ်ဆိုပြီး တရုတ်အမျိုးသားကို ကိုယ်တိုင်သဘောတူပြီး ယူတဲ့လူလည်း ရှိတယ်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာတော့ ဟိုရောက်သွားရင် ဒုက္ခရောက်သွားတာများတယ်။ တရုတ်တွေက ကလေးလိုချင်တယ်။ ကလေးမွေးပြီးရင် နောက်တစ်ယောက်ကို လျှော့ဈေးနဲ့ ထပ်ရောင်းတာမျိုးလည်းရှိတယ်’’ ဟု ၎င်းက ပြောသည်။

လူကုန်ကူးမှုများသည် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များအားလုံးတွင် ဖြစ်ပွားလျက်ရှိသည်။ လူကုန်ကူးတားရဲတပ်ဖွဲ့မှ ထုတ်ပြန်သော မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုအဖြစ်အများဆုံး ၄၁ မြို့နယ်တွင် မန္တလေးခရိုင်ခြောက်မြို့နယ်အပါအ၀င် လက်နက်ကိုင်တိုက်ပွဲများဖြစ်ပွားနေသော ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တရုတ်နယ်စပ်မှ မြို့ရွာများပါဝင်နေသည်။

လူကုန်ကူးမှုနှင့် တရုတ်အမျိုးသားများနှင့် လက်ထပ်ပေါင်းသင်းနေသူများကို တားဆီးထိန်းချုပ်နိုင်မှုမရှိပါက လာမည့်နှစ်များတွင် ပလောင် (တအောင်း) တိုင်းရင်းသားများ လူမျိုးပျောက်မည်ကိုပင် စိုးရိမ်နေရသည်ဟု ဒီဒီပိုးစေင်(ဒီဒီပိုးကြိမ်)က ပြောသည်။

၂၀၀၅ ခုနှစ်တွင် မြန်မာနိုင်ငံ လူကုန်ကူးမှုတားဆီးထိန်းချုပ်ရေး ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးရဲတပ်ဖွဲ့ကို သီးခြားဖွဲ့စည်းခဲ့ပြီး လူကုန်ကူးမှုတားဆီးရေး နိုင်ငံတော်အဆင့် အလေးထားလုပ်ဆောင်လျက်ရှိသည်။

ထို့ပြင် ကုလသမဂ္ဂ (UNIAP) ၏ ညှိနှိုင်းဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ အပါအ၀င် မဲခေါင်ခြောက်နိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နေကြောင်း လူကုန်တားတပ်ဖွဲ့မှ ဒု-ရဲမှူးမင်းနိုင်က ပြောသည်။ ထို့အတူ တရုတ်နိုင်ငံနှင့်လည်း ပူးပေါင်းပြီး နှစ်နိုင်ငံနယ်စပ်မြို့များဖြစ်သည့် မူဆယ်-ရွှေလီနှင့် လွယ်ဂျယ်-ကျန်းဖုန်းမြို့များတွင် နယ်စပ်ဆက်ဆံရေးရုံးများဖွင့်ကာ လူကုန်ကူးမှု တားဆီးနိုင်ရေး ဆောင်ရွက်နေသည်ဟု ဆိုသည်။

လူကုန်ကူးမှုများ လျော့ကျစေရန် အသိပညာပေးဟောပြောခြင်းများ ပြုလုပ်ပေးနေသော်လည်း ဒေသခံအများစုမှာ စိတ်ပါဝင်စားမှုနည်းသည့်အတွက် လူကုန်ကူးမှုတားဆီးနိုင်ရေး အခက်အခဲများရှိနေကြောင်း လူကုန်ကူးတားတပ်ဖွဲ့မှူးရုံးမှ ဒု-ရဲမှူးမင်းနိုင်က ပြောသည်။

လူကုန်ကူးမှုများ လျော့နည်းပပျောက်စေရန် အသိပညာပေးဟောပြောပွဲများတွင် တက်ရောက်နားထောင်ရန် လိုအပ်မည်ဖြစ်သလို ဒေသခံလူထုအနေဖြင့် ကိုယ်တိုင်ကြုံမဟုတ်ဘဲ လူကုန်ကူးမှုမသင်္ကာမှုများတွေ့လျှင်ပင် ၀ိုင်းဝန်းပူးပေါင်းဖော်ထုတ်ပေးရန် လိုအပ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) နိုင်ငံသားများ မူလအခွင့်အရေးနှင့်တာဝန်များ ပုဒ်မ (၃၅၈) တွင် လူကုန်ကူးမှုများကို တားမြစ်သည်ဟူသည့်အချက် ပါဝင်သည်။ လူကုန်ကူးမှုများ ပြုလုပ်သည်ကို အထောက်အထားများနှင့်တကွ မိပါကလည်း ထောင်ဒဏ်အနည်းဆုံး ဆယ်နှစ်မှ တစ်သက်တစ်ကျွန်း၊ သေဒဏ်အထိ ကျခံရနိုင်ကြောင်း လူကုန်ကူးဥပဒေတွင် ပြဋ္ဌာန်းထားသည်။

သို့သော် အလုပ်အကိုင်အခွင့်လမ်းနည်းပါးခြင်းနှင့် ဆင်းရဲမွဲတေကာ ဘ၀ရပ်တည်ရေး အခက်အခဲများကြောင့် မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ ၂၀၁၃ ခုနှစ် နောက်ပိုင်းတွင် လူကုန်ကူးမှု ကျူးလွန်ခံခဲ့ရသည့် အမျိုးသမီးအချို့မှာ လူကုန်ကူးမှုများ ပြန်လည်ကျူးလွန်လာကြသည့် ဖြစ်စဉ်များပင် ရှိလာသည်ဟု ရဲမှူးဖေသိန်းကျော်က ပြောသည်။

ထိုသို့ လူကုန်ကူးခံရသူက ပြန်လည်လူကုန်ကူးမှုများတွင် ၎င်းတို့၏ တရုတ်အမျိုးသားများ၏ ခိုင်းစေမှုများကြောင့် ပါဝင်နေသလို တချို့ဖြစ်စဉ်များတွင် လူကုန်ကူးခြင်းမှာ ငွေကြေးများစွာ အလွယ်တကူရရှိနိုင်သည့် နည်းလမ်းဖြစ်ကြောင်းကို သိရှိသွားကြသောကြောင့် အဆင့်ဆင့်လူကုန်ကူးကြခြင်းဖြစ်နိုင်သည်ဟု ရဲမှူးဖေသိန်းကျော်က သုံးသပ်သည်။

မန္တလေးမြို့တွင် နေထိုင်သည့် မပုံ့ပုံ့သည် လူပွဲစားခေါ်ဆောင်ရာနောက်သို့လိုက်ရန် သဘောတူလိုက်သည်။ နောက်တစ်နေ့နံနက်တွင် မန္တလေးမှ မူဆယ်သို့ မော်တော်ကားဖြင့် ထွက်ခွာကြမည်ဖြစ်သည်။ သို့သော် မပုံ့ပုံ့ မှာ လူကုန်ကူးခံရမည့်ဘေးမှ လွတ်မြောက်ခဲ့သည်။ ၎င်းနှင့် လူပွဲစားတို့ ကားပေါ်ရောက်ပြီးမှ လူကုန်ကူးတားတပ်ဖွဲ့ဝင်များက အချိန်မီတားဆီးကယ်တင်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တားဆီးနိုင်ရန်နှင့် လူကုန်ကူးပွဲစားကို ဖမ်းဆီးနိုင်ရန် မပုံ့ပုံ့က လူကုန်ကူးတားတပ်ဖွဲ့ဝင်များနှင့် ကြိုတင်ညှိနှိုင်း အချိန်းအချက်ပြုလုပ်ထားခြင်းဖြစ်သည်။ တကယ်တော့ မပုံ့ပုံ့သည် လူပွဲစားကို ဖမ်းဆီးနိုင်ရန် လူကုန်ကူးတားတပ်ဖွဲ့မှ စေလွှတ်ထားသည့် အသွင်ယူထားသော တည်ကြက်ပင်ဖြစ်သည်။ ၎င်းက လူကုန်တားတပ်ဖွဲ့ဝင် မဟုတ်ပါ။ အမျိုးသားရေးအတွက် ကိုယ့်စရိတ်နှင့်ကိုယ် လူကုန်ကူးမှုများကို ပူးပေါင်းဖော်ထုတ်ပေးနေသူ ဖြစ်ပါသည်။

ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလအတွင်းက မပုံ့ပုံ့နေထိုင်သော ရပ်ကွက်အတွင်း လူကုန်ကူးမှုနှင့် သက်ဆိုင်သည့် ဟောပြောပွဲတစ်ခုသို့ တက်ရောက်ခဲ့ပြီး နောက်ပိုင်းမှစ၍ မန္တလေးတိုင်းဒေသကြီး လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးအဖွဲ့ထံသို့ သွားရောက်ကာ ပူးပေါင်းခဲ့ခြင်းဖြစ်သည်။ ယနေ့အချိန်ထိဆိုလျှင် မပုံ့ပုံ့အသွင်ယူပြီး ဖမ်းဆီးခဲ့ပြီးသည့်အမှုသုံးမှု ရှိခဲ့ပြီဖြစ်သည်။

7Day Daily