ပျောက်ဆုံးနေသော မလေးရှားလေယာဉ် ဘင်္ဂလားပင်လယ်အော်တွင်း ပျက်ကျခဲ့ဟု သြစတြေးလျ ကုမ္ပဏီတစ်ခု သတင်းထုတ်ပြန်

ပို့စ်တင်ချိန် - 5/01/2014 07:04:00 PM



ဆိုးလ်၊ ဧပြီ ၂၉

ယနေ့အချိန်အထိ ပဟေဠိဆန်စွာ ပျောက်ဆုံးနေသည့် မလေးရှား လေကြောင်းလိုင်း ခရီးစဉ် MH370 ဘိုးအင်း လေယာဉ်ကြီးသည် ဘင်္ဂလား ပင်လယ်အော်တွင်းသို့ ပျက်ကျခဲ့ခြင်း ဖြစ်သည်ဟု သြစတြေးလျနိုင်ငံ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ထုတ်ဖော် ပြောကြားလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

မြေယာနှင့် ပင်လယ်ပြင် သုတေသန လုပ်ငန်းများ လုပ်ကိုင်သော သြစတြေးလျ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်သည့် Geo Resonance က ပျောက်ဆုံးနေသော မလေးရှားလေယာဉ်မှ အပိုင်းအစဟု ယူဆရသော အရာများကို ဘင်္ဂလား ပင်လယ်အော်တွင်း တွေ့ရှိရကြောင်း သတင်းထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုသို့ ရှာဖွေတွေ့ရှိသည့် နေရာမှာ လက်ရှိ ရှာဖွေလျက်ရှိသည့် နယ်မြေ (သြစတြေးလျ အနောက်တောင်ဘက် ကမ်းခြေဒေသ) မှ ကီလိုမီတာ ထောင်နှင့်ချီ၍ ဝေးကွာသည့် နေရာတွင် ဖြစ်သည်ဟု ယင်းကုမ္ပဏီက ဆိုသည်။

မလေးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီး ဟစ်ဆာမူဒင်ဟူစိန်က အာဏာပိုင်များသည် အဆိုပါ သြစတြေးလျကုမ္ပဏီ ထုတ်ပြန်သော သတင်းကို အတည်ပြုနိုင်ရေးအတွက် လုပ်ကိုင် ဆောင်ရွက်လျက် ရှိသည်ဟု ပြောကြားသည်။

သို့သော် လေယာဉ် ရှာဖွေလျက်ရှိသည့် နိုင်ငံပေါင်းစုံပါ အဖွဲ့မှ သြစတြေးလျ အေဂျင်စီတစ်ခုက အဆိုပါသတင်းနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေမရှိဟု ငြင်းဆိုသည်။

လက်ရှိ ရှာဖွေနေသည့် ဧရိယာသည် စိတ်ကျေနပ်မှု ရှိလောက်သည့် နေရာပင် ဖြစ်ကြောင်း၊ ဂြိုဟ်တုဓာတ်ပုံများ၊ ပျောက်ဆုံး လေယာဉ်ပျံ၏ သတင်းအချက်အလက်ဆိုင်ရာ အချက်ပြမှုဟု ယုံကြည်ရသည့် အရာများကို အခြေခံကာ ရှာဖွေနေခြင်း ဖြစ်ကြောင်း အဆိုပါ အေဂျင်စီက ဆိုသည်။

Geo Resonance ကုမ္ပဏီက ပုံဖော်နိုင်သော နည်းပညာနှင့် ရေဒီယို သတ္တိကြွ နည်းပညာများကို အသုံးပြုကာ သမုဒ္ဒရာကြမ်းပြင်ရှိ အလူမီနီယံ၊ တိုက်တေနီယံနှင့် လေယာဉ်ဆီများကို ထောက်လှမ်းရှာဖွေခြင်း ဖြစ်သည်။

မလေးရှားလေယာဉ် MH370 သည် ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် ခရီးသည် ၂၃၉ ဦးကို တင်ဆောင်ကာ ကွာလာလမ်ပူမှ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်သို့ ပျံသန်းသွားစဉ် ပျောက်ဆုံးခဲ့ခြင်း ဖြစ်သည်။

မလေးရှားအစိုးရက လေကြောင်း အချက်ပြစနစ် နားလည်သူ တစ်စုံတစ်ယောက်က ယင်းလေယာဉ်ကို လမ်းကြောင်း ပြောင်းပစ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု ယုံကြည်လျက် ရှိသော်လည်း စုံစမ်း စစ်ဆေးမှုများအရ ခိုင်မာသည့် သက်သေ အထောက်အထားများ မတွေ့ရှိရသေးပေ။

The Voice