မာလာလာ၏ ပုံတူပန်းချီကားကို ဒေါ်လာ(၈၂၀၀၀)ဖြင့် လေလံတင်ရောင်းချ

ပို့စ်တင်ချိန် - 5/18/2014 08:30:00 PM



ဆယ်ကျော်သက် လူ့အခွင့်အရေး လှုပ်ရှားသူ မိန်းကလေး မာလာလာ ယူဆွတ်ဖ်ဇိုင်၏ ပုံတူဆီဆေး ပန်းချီကို လေလံတင် ရောင်းချရာ ဒေါ်လာ (၈၂၀၀၀)ထိ ရရှိခဲ့ကြောင်း သိရှိရသည်။ ပါကစ္စတန် မိန်းကလေးများ စာတတ်မြောက်ရေးအတွက် ဆော်ဩလှုံ့ဆော်ရင်း အစ္စာလမ်မစ် အစွန်းရောက် စစ်သွေးကြွ တာလီဘန် တပ်ဖွဲ့များ၏ ပစ်မှတ် ဖြစ်ခဲ့သလို ဦးခေါင်းကို သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုနှင့်ပါ ကြုံခဲ့ဖူးသည့် မာလာလာ၏ ပုံတူကို ဂျိုနသန် ယီဝိုက ရေးဆွဲခဲ့ခြင်း ဖြစ်သည်။ မာလာလာသည် (၂၀၁၂)ခုနှစ်က တာလီဘန် လုပ်ကြံရေးသမား တစ်ဦး၏ ပစ်ခတ်မှုတွင် ဦးခေါင်းဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ သူမ၏ ဓာတ်ပုံကို ဂျိုနသန်က ပုံတူရေးဆွဲပြီးနောက် အစောပိုင်းက လန်ဒန်ရှိ ဗြိတိသျှ အမျိုးသားပုံတူပန်းပြခန်းတွင် ချိတ်ဆွဲထားခဲ့သည်။

နယူးယော့ခ်တွင် ကျင်းပသည့် လေလံပွဲ၌မူ ဝယ်လက်တစ်ဦးက အဆိုပါ ပန်းချီအား အမြင့်ဆုံးဈေးအဖြစ် ဒေါ်လာ (၈၂၀၀၀)ထိ အဆိုပြု ဝယ်ယူသွားခြင်း ဖြစ်သည်။ ဂျိုနသန်၏ လက်ရာများတွင် သရုပ်ဆောင်များဖြစ်သည့် ကီဗင်စပေစီနှင့် ဆိုင်နာမီလာတို့၏ ပုံတူများလည်း ပါဝင်ပြီး စုစုပေါင်း ဒေါ်လာ (၁၀၂၅၀၀)ဖိုးထိ ပန်းချီကားများ ရောင်းချနိုင်ခဲ့သည်။ မာလာလာ ရန်ပုံငွေအဖွဲ့က ပန်းချီကား ရောင်းချရာမှ ရရှိလာသော အကျိုးအမြတ် ငွေကြေးများကို လက်ရှိတွင် အစ္စလာမ်မစ် အစွန်းရောက် ဘိုကိုဟာရမ် တပ်ဖွဲ့များက ပြန်ပေးဆွဲထားသည့် နိုက်ဂျီးရီးယားကျောင်းသူ (၂၅၀)ကျော် လွတ်မြောက်ရေးအတွက် ထည့်ဝင် အသုံးပြုသွားမည်ဟု ကြေညာထားသည်။

Planet Myanmar Network