မြစ်ဝကျွန်းပေါ်ကို နောက်ထပ် နာဂစ် ဝင်လာနိုင်သေးလား

ပို့စ်တင်ချိန် - 5/03/2014 09:14:00 AM


ရာသီဥတုဖောက်ပြန်နေတဲ့ အခုလိုအချိန်မှာ နာဂစ်လိုမုန်တိုင်းမျိုး နောက်တစ်ကြိမ် ထပ်မလာဘူးလို့ ဘယ်သူမှ အာမခံနိုင်သလို ဘယ်ပညာရှင်မဆို တပ်အပ်လည်း ပြောလို့မဖြစ်ဘူးလို့ မိုးဇလပညာရှင် ဒေါက်တာထွန်းလွင်က ဆိုပါတယ်။ နာဂစ်တုန်းက လူပေါင်းသိန်းချီ သေဆုံးခဲ့တာဟာ အုပ်ချုပ်သူတွေ မှန်ကန်တဲ့ဦးဆောင်မှု ကင်းမဲ့တာကြောင့်လို့ ဆိုပါပြီ။

မြစ်ဝကျွန်းပေါ်ဒေသဟာ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုအရမ်းမြင့်မားသလို ပင်လယ်ရေ ၅မီတာလောက် တက်လာတာနဲ့ မြစ်ဝကျွန်းပေါ်ရဲ့ ၄၃% ဧရိယာဟာ ရေအောက်ကို နစ်မြှုပ်သွားနိုင်တယ်လို့ ဂြိုဟ်တုတိုင်းထွာစစ်ဆေးမှုတွေကို အခြေခံပြီး သတိပေးခဲ့ပါတယ်။

၂ဝဝ၈ခုနှစ် မေလ ၂ရက်တုန်းက တစ်နာရီ မိုင် ၁၃ဝအရှိန်နဲ့ နာဂစ်ဆိုင်ကလုန်းဟာ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်ဖျက်စီးခဲ့တာအခုဆို ၆နှစ်တင်းတင်းရှိခဲ့ပါပြီ။ လူတစ်သောင်းပဲ သေဆုံးခဲ့တယ်လို့ မြန်မာစစ်အစိုးရက အဲဒီတုန်းက သတင်းထုတ်ပြန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အနည်းဆုံး လူတစ်သိန်းခွဲ သေဆုံးခဲ့တာကို ဝန်ခံခဲ့ရပါတယ်။

နာဂစ်တိုက်ခတ်မှု ၆နှစ်ရှိပေမယ့် အသက်ရှင်ကျန်ရစ်တဲ့ သိန်းပေါင်းများစွာသော မိသားစုဝင်တွေကတော့ အခုအချိန်ထိ ပြန်လည်ထူထောင်ရေး မလုပ်နိုင်ကြဘဲ လူမှုစီးပွားဘဝတွေ ပြိုလဲခဲ့ပါတယ်။ ဒီအတွက် မြန်မာအစိုးရရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းဟာ မေးခွန်းပေါင်းများစွာကို ဖြေဆိုရဦးမှာပါ။

၆နှစ်ကြာခဲ့ပေမယ့် နာဂစ်ဒဏ်ကို အထိအနာဆုံးခံခဲ့ရတဲ့ လပွတ္တာက တံငါသည်တွေက အခုလညိး ရာသီဥတု ဖောက်ပြန်မှုကြောင့် ဝမ်းစာရှာဖွေမှုဟာ အခက်အခဲတွေ ရှိနေဆဲပါလို့ ဆိုပါတယ်။

Kamayut Media