မင်းတို့ထက် မိုက်သကွ - ဟာသ

ပို့စ်တင်ချိန် - 5/28/2014 06:31:00 PM



တစ်ခါက လူ့ပြည်မှာ အရမ်းဆိုးမိုက်လွန်းသူတစ်ယောက်ဟာ သေလွန်ပြီး
ငရဲပြည်ရောက်သွားပါတယ်။ သူ့ကိုယ်သူလည်း သိနေတယ်လေ။ သူသေရင် ငရဲပြည်မှတပါး
အခြားမရှိပြီဆိုတာ။ ဒီတော့ ယမမင်းကြီးရှေ့မှာ သူ့ကို
ငရဲပြည်ရဲ့အနက်ဆုံးနေရာက အ၀ီစိကိုသာ ပို့ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
“ငါ့ကောင်ရယ်၊ မင်းပြစ်မှုတွေက အ၀ီစိပို့ရလောက်တဲ့အထိ မဟုတ်သေးပါဘူးကွယ်။
ယောယုဝငရဲလောက်နဲ့ပဲ ထိုက်တန်ပါတယ်ကွာ၊ စဉ်းစားပါဦး”
“ရဘူး….ရဘူး…ဒါဗျဲဆိုဒါဗျဲ….ကျွန်တော် ကိုယ်စရိတ်နဲ့ကိုယ်စားပြီး
သွားဆိုလည်း သွားချင်ပါတယ်။ အ၀ီစိပဲပို့ပေးပါဗျာ”
ငရဲမင်းကြီးက လောလောဆယ် အ၀ီစိမှာ တစ်ယောက်မှမရှိသေးတော့ မင်းတစ်ယောက်ထဲ
ပျင်းနေလိမ့်မယ်လို့ တားမြစ်ပေမယ့် လူမိုက်က ဂုဏ်တောင် ယူလိုက်ပါသေးတယ်။
ဒါနဲ့ အ၀ီစိရောက်ရော ဆိုပါတော့။ ရောက် ရောက်ချင်းပဲ ဘရိတ်ဒန့်စ်
ထဆွဲလိုက်တယ်။
“ဝေးဟေးဟေး…အ၀ီစိမှာ ငါတစ်ယောက်ထဲ။ ငါသာလျင် လောကမှာ အမိုက်ဆုံးကွ၊
ငါလောက်မိုက်သူ ဒီကမ္ဘာမှ ရှိနိုင်ရိုးလား”
အဲဒီအချိန်မှာ သူ့အောက်မြေကြီးထဲက ခပ်စွာစွာအသံတစ်ခု ထွက်လာပါတယ်။
“ဟေ့ အပေါ်ကကောင်၊ သိပ်ပြီးခုန်ပေါက်မနေနဲ့၊ အောက်ထပ်မှာ လူရှိတယ်ကွ”
လူမိုက်လည်း အရမ်းအံ့သြသွားတယ်။ သူ့ကိုယ်သူ အ၀ီစိရောက်နေတာ
အမိုက်ဆုံးလို့ထင်ပေမယ့် အ၀ီစိထက်ပိုနက်တဲ့နေရာမှာ သူ့ထက်မိုက်သူရှိသေးတာ
သိလိုက်ရတာကိုး။ ဒါနဲ့ မ၀ံ့မရဲလေသံနဲ့ မေးလိုက်ပါတယ်။
“ ဆရာကြီးခင်မျာ၊ အ၀ီစိထက်ပိုနက်တဲ့နေရာရောက်နေသူဆိုတော့ အရမ်းအရမ်းကို
လေးစားသွားပြီဗျာ…..တဆိတ်လောက် ဆရာကြီးဘယ်သူဆိုတာ သိပါရစေ”
“မသေမချင်းမှတ်ထား….. မြန်မာပြည်ကို နှစ်ပေါင်း ၂၀ ကျော်
မထုံတက်တေးပုံစံနဲ့ အုပ်ချုပ်ခဲ့တဲ့ကောင်ကွ.။
မင်းတို့အားလုံးထက်မိုက်လို့ အ၀ီစိထက် ပိုနက်တဲ့နေရာမှာ
တစ်ယောက်တည်းသီးသန့် အထူးခန်းနဲ့နေရတာလေ”

ရဲစတိုင်း

The Myanma Age