ထမင်းမချက်သည့်ကိစ္စ စကားများရာမှ ယောက်ျားက တုတ်ဖြင့်ရိုက် ဇနီးသေဆုံး

ပို့စ်တင်ချိန် - 5/08/2014 03:54:00 PM


ဖြိုးဝေလင်း၊ ကျော်စိုးမိုး

အရက်မူးပြီးပြန်လာသည့် ခင်ပွန်းသည်က ညနေစာ ထမင်းမချက်ထားသော ဇနီးနှင့် စကားများရန်ဖြစ်ရာမှ ၀ါးတုတ်ဖြင့် ရိုက်နှက်မှုကြောင့် ဇနီးသည်သေဆုံးခဲ့သော ဖြစ်စဉ်တစ်ခု တိုက်ကြီးမြို့နယ်အတွင်း မေ ၆ ရက်၊ ည ၁၀ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးမှ သတင်းထုတ်ပြန်ထားသည်။

တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်အတွင်း နေထိုင်သည့် ဦးယဉ်ထွေး(ခ)တင်ထွေး (၄၅)နှစ်သည် အရက်မူး ပြီးပြန်လာရာ နေအိမ်၌ရှိသော ဇနီးသည် မခန်းဌေး(၄၈)နှစ်သည် ညနေစာ ထမင်းမချက်ထားသည့် အတွက် ဇနီးသည်နှင့် စကားများ ရန်ဖြစ်ခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းနောက် ဦးယဉ်ထွေး(ခ)တင်ထွေးသည် ဇနီးဖြစ်သူအား ၀ါးတုတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်း အနောက် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာချိုစောင်းပေါက်ပြဲ ဒဏ်ရာတစ်ချက်ရရှိကာ၏ သေဆုံးခဲ့ခြင်းဖြစ် ပြီး ဦးယဉ်ထွေး(ခ)တင်ထွေးသည် ထွက်ပြေး တိမ်းရှောင်သွားခဲ့ခြင်းဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြ ထားသည်။

ယင်းအမှုနှင့်စပ်လျဉ်း၍ ဇနီးသည်အား သေသည်အထိရိုက်နှက်ခဲ့သည့် တရားခံ ဦးယဉ်ထွေး(ခ)တင်ထွေး အား အရေးယူပေးရန် တိုက်ကြီးမြို့နယ်၊ ဥပ္ပုံစုရပ်ကွက်ရှိ ဆယ်အိမ်မှူးဖြစ်သူ ဦးမြင့်ကျော်၏ တရားလိုပြု တိုင်တန်းမှုအား တိုက်ကြီးမြို့မရဲစခန်းက(ပ) ၁၆၀/၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး တရားခံကို ဖမ်း ဆီးစစ်ဆေးလျက် ရှိသည်။

Mizzima Burmese