ဓာတုဆိုးဆေးပါအစားအစာများ ရောင်းချခြင်းမပြုရန် ကျောင်းဈေးသည်များ ခံဝန်လက်မှတ်ထိုးရမည်

ပို့စ်တင်ချိန် - 5/05/2014 11:14:00 AM



မင်းဟိန်းထက် ၊ ရန်ကုန်၊ မေ ၃

အခြေခံပညာကျောင်း မုန့်ဈေး တန်းများတွင် ကျန်းမာရေးကို ထိခိုက်စေသည့် ဓာတုဗေဒဆိုးဆေးပါ အစားအစာများ ရောင်းချ ခြင်းမပြုရန် ကျောင်းဈေးသည်များအနေဖြင့် ခံ ဝန်လက်မှတ်ထိုးပေးရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဒေါက်တာမြင့်သိန်း က ပြောသည်။

ဧပြီ ၃ဝရက်တွင် ပြုလုပ်သည့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော် ပထမအကြိမ် အဋ္ဌမပုံ မှန်အစည်းအဝေးတွင် ကျောင်းများ၌ ဓာတုဗေဒ ဆိုးဆေး အစားအစာများ ပိတ်ပင်ရေးအဆိုကို ဆွေး နွေးရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

''ကျောင်းတွေမှာ ဓာတုဗေဒဆိုးဆေး သုံးထားတဲ့ အစားအစာတွေ ရောင်းချနေတာကို စစ်ဆေးပိတ်ပင်သွားမယ်။ ဒါကိုဖောက်ဖျက်မယ် ဆိုရင် အမျိုးသား အစားအသောက်ဆိုင်ရာဥပဒေ အရ ထိထိရောက်ရောက် အရေးယူသွားမှာပါ။ကျောင်းအုပ်ဆရာတွေကတစ်ဆင့် ဆိုးဆေးပါတဲ့ မုန့်တွေမရောင်းဖို့ ခံဝန်ထိုးခိုင်းမယ်။ အသိပညာ ပေးတာတွေလဲ လုပ်သွားမယ်'' ဟု ဝန်ကြီးဒေါက် တာမြင့်သိန်းက ပြောသည်။

အမျိုးသားအစားအသောက် ဥပဒေ တွင် အန္တရာယ်ရှိအစားအသောက်များကို ပြု လုပ်ရောင်းချပါက ထောင်ဒဏ်ငါးနှစ်အထိဖြစ်စေ ဒဏ်ငွေ ငါးသိန်းဖြစ်စေ ပေးဆောင်ရမည်ဟု ဖော်ပြထားသည်။

အခြေခံပညာကျောင်းများအတွင်း မုန့်ဈေးတန်းများတွင် ရောင်းချနေမှုများကို စစ် ဆေးရာတွင် ကျောင်းကျန်းမာရေးအဖွဲ့များနှင့် ပူးပေါင်းစစ်ဆေးခြင်း၊ အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲရေးဦးစီးဌာန (FDA)မှ ခွင့်ပြုထားသည့် အစားအသောက်များဟုတ်မဟုတ် စစ်ဆေးခြင်း များပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

''ကလေးတွေက မြန်မာမုန့်တွေဆို သိပ်စား ကြတာမဟုတ်ဘူး။ ထူးထူးဆန်းဆန်း အမြင်လှ တဲ့ တရုတ်မုန့်တွေပဲ စားကြတာများတယ်။ မုန့်တွေ မှာ ဓာတုဗေဒဆိုးဆေးတွေ သုံးထားလားတော့ မသိဘူး။ ရောင်းခွင့်ပိတ်လိုက်ရင် စီးပွားရေးတော့ နည်းနည်းထိခိုက်တာပေါ့'' ဟု စမ်းချောင်းမြို့နယ် မှ အခြေခံပညာကျောင်းတစ်ကျောင်းတွင် ဈေး ရောင်းသူတစ်ဦးက ပြောသည်။

စားသောက်ကုန်ပစ္စည်းများကို အရောင် လှပစေရန် ဆိုးဆေးများ အသုံးပြုရာတွင် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) မှ ဆိုးဆေးအမျိုး ၂ဝ ခွင့်ပြုပေးထားသော်လည်း အဆိုပါဆိုးဆေးများသည် ဈေးနှုန်းမြင့်သောကြောင့် ဈေးသက်သာသည့် အဝတ်အထည်ဆိုးဆေးများ ကို အသုံးပြုလာကြခြင်းဖြစ်သည်။

အစားအသောက်များ အရောင်လှစေ ရန် အသုံးပြုထားသည့် Auramine-0 ပါဝင်သည့် ဆိုးဆေးများသည် ချည်ထည်၊ သိုးမွှေး၊ ပိုးထည်၊ စက္ကူနှင့်သားရေတို့ကို အရောင်ဆိုးရာတွင် အသုံး ပြုသည့် ဓာတုဗေဒ ဆိုးဆေးဖြစ်ပြီး လတ်တလော တွင် အန္တရာယ်မဖြစ်စေသော်လည်း ရေရှည်တွင် အသည်း၊ ကျောက်ကပ်၊ ကင်ဆာ ရောဂါများအ ပြင် ခန္ဓာကိုယ်ကြီးထွားမှုနှုန်းကို ထိခိုက်စေနိုင် ကြောင်း အစားအသောက်နှင့် ဆေးဝါးဌာန (FDA) မှ ထုတ်ပြန်ထားသည်။
---------------------------------------------------------------------------

Flower News Journal ၊ အတွဲ ၁၀ ၊ အမှတ် ၁၇

Yangon Media Group