ပုဒ်မ (၅၀၅) (ခ) ဖြင့် ချုပ်နှောင်ခံထားရသူ အကျဉ်းထောင်ပို့စဉ် ရုန်းရင်းဆန်ခတ်ဖြစ်၊ အမျိုးသမီးနှစ်ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/08/2014 04:05:00 PM



ပြည်၊ မေ ၇

လယ်ယာမြေ ပြန်လည် ရရှိလိုမှုဖြင့် အခေါင်းမီးရှို့ ကျိန်စာတိုက်ခဲ့မှုကြောင့် ပုဒ်မ (၅၀၅) (ခ) ဖြင့် ချုပ်နှောင်ခံထားရသူ ဦးပေါက်စကို မေလ ၆ ရက်နေ့ ညနေပိုင်းက အကျဉ်းထောင်ပို့စဉ် အမှုတွဲတွင် ပါဝင်သူများနှင့် ရဲတပ်ဖွဲ့ဝင် အင်အား ၆၀ ခန့် ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ရာမှ တရားစွဲခံရသူ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

သဲကုန်းမြို့နယ် အောင်ကုန်းကျေးရွာတွင် ဧပြီလ ၂၂ ရက်နေ့က ကျိန်စာတိုက်ပွဲ ပြုလုပ်မှုကြောင့် လယ်သမားအရေး ဆောင်ရွက်သူ တစ်ဦး အပါအဝင် ငါးဦးကို ပုဒ်မ-၅၀၅ (ခ) ဖြင့် တရားစွဲဆိုခဲ့ရာ မေလ ၆ ရက်နေ့ ရုံးချိန်းတွင် ရုံးတက်ရောက်သူ သုံးဦးအနက် အမျိုးသမီးနှစ်ဦး အတွက်သာ အာမခံ ရရှိခဲ့ပြီး၊ ဦးပေါက်စမှာ အာမခံ မရခဲ့ကြောင်း တရားစွဲခံရသူများက ပြောကြားသည်။

“အကြမ်းဖက်တာ မရှိပါဘူး။ တရားရုံးက ချုပ်မိန့် ချထားတဲ့ တရားခံကို ကျန်တဲ့သူတွေက ထောင်ထဲ အပို့မခံဘူး။ ထောင်ထဲထည့်ရင် သူတို့ပါ လိုက်မယ် လုပ်တာ။ ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ဖို့ ဝိုင်းထိန်းပြီး ဆောင်ရွက်ပေးတာပါ” ဟု ပေါင်းတည် ရဲစခန်းမှူး ဒုတိယရဲမှူး မြင့်ဝေက ဆိုသည်။

သုံးဦးလုံးအတွက် အာမခံရမည်ဟု ထင်ထားသော်လည်း နှစ်ဦးတည်း ရသွားခဲ့သည်ကို မလိုလားသည့် အတွက် တရားစွဲခံရသူများက သုံးဦးလုံး ထောင်ထဲပို့ရန် ပြောကြခြင်း ဖြစ်ကြောင်း၊ လက်ထိတ် ခတ်ထားသည့် ဦးပေါက်စကို ဝင်ဆွဲကြရာမှ ဒဏ်ရာရရှိခြင်း ဖြစ်ကြောင်း ခေါင်းပေါက်သွားသဖြင့် ပေါင်းတည်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေသူ ဒေါ်ဝင်းက ပြောဆိုသည်။

“တရားစွဲခံရတဲ့ ဒေါ်ညိုက ဦးပေါက်စကို ပြန်လွှတ်ဖို့ ကြွေးကြော်နေတယ်။ ဘေးမှာ ရဲ ၆၀ လောက် ရှိတယ်။ အရပ်ဝတ်တွေလည်း ရှိတယ်။ ကျွန်တော် ဦးပေါက်စနားကို ကပ်နေတုန်း နောက်ကနေ ဆံပင်ဆောင့်ဆွဲ ခံရတယ်။ လဲကျပြီး သတိလစ်သွားတယ်။ ပြန်သတိရလာတော့ ဒေါ်ညိုကိုပွေ့ပြီး ကျွန်တော်ပဲ ဆေးရုံပို့လိုက်တာ။ ကျွန်တော့် တစ်ကိုယ်လုံး ကိုင်ရိုက်ထားတဲ့ အတိုင်းပဲ” ဟု ယင်းဖြစ်စဉ်ကို သတင်းယူခဲ့သူ အလွတ်သတင်းထောက် ကိုမာနော်က ဆိုသည်။

ပေါင်းတည် အကျဉ်းထောင်တွင် ရောက်ရှိနေသူ ဦးပေါက်စအတွက် ခရိုင်တရားရုံးတွင် အယူခံဝင်မည် ဖြစ်ကြောင်း ၎င်းဘက်မှ လိုက်လံ ဆောင်ရွက်ပေးသူ ရှေ့နေ ဦးမြင့်အေးက ပြောကြားသည်။
“ပေါင်းတည်ထောင်က လက်ထောက်ထောင်မှူးက ရှေ့နေကိုယ်စားလှယ် လွှဲစာယူပြီး အကျဉ်းဦးစီးဌာနကို တင်ပြမယ်။ ပြီးမှ အကြောင်းပြန်မယ် ပြောတယ်။ ခုလို လုပ်တာက အထက်ရုံးကို တက်ရမယ့် တရားခံအတွက် နှောင့်နှေးကြန့်ကြာရတယ်” ဟု ၎င်းကဆိုသည်။

သဲကုန်းမြို့နယ် အောင်ကုန်း ကျေးရွာတွင် သိမ်းယူခံထားရသည့် လယ်မြေများတွင် လယ်လုပ်ပိုင်ခွင့် ပြန်လည်ရရှိရန် ဆန္ဒထုတ်ဖော်ပွဲ၊ သပိတ်စခန်း၊ ကျိန်စာတိုက်ပွဲများ ပြုလုပ်ခဲ့မှုကြောင့် လယ်သမားအရေး လှုပ်ရှားသူများနှင့် ဒေသခံ လယ်သမားများကို ပုဒ်မ (၁၈)၊ ပုဒ်မ (၅၀၅) (ခ) တို့ဖြင့် ဒေသ အာဏာပိုင်များက တရားစွဲဆိုခဲ့သည်။

The Voice Weekly