ဒေါ်လာ သန်း ၁၀၀တန် ကမ္ဘာ့ဘဏ်စီမံကိန်း ပွင့်လင်း မြင်သာမှုနှင့် လာဘ်စားမှုကင်းရန် ပညာရှင်များ အကြံပြု

ပို့စ်တင်ချိန် - 5/20/2014 08:25:00 PM


နီနီမြင့်| အင်္ဂါနေ့၊ မေလ ၂၀ ရက် ၂၀၁၄ ခုနှစ်

အမေရိကန် ဒေါ်လာသန်း (၁၀၀) ချေးငွေဖြင့် ကမ္ဘာ့ဘဏ်က ငွေကြေး ထောက်ပံ့ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(DWIR) က အကောင်အထည်ဖော်ဆောင်ရွက်သော မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်း ဘက်စုံပေါင်းစည်းစီမံခန့်ခွဲမှု အဆိုပြုစီမံကိန်း အကောင်အထည်ဖော်မည်ဆိုပါက ပွင့်လင်းမြင်သာမှုရှိရန်နှင့် လာဘ်စားမှု ကင်းရန်ဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များက တိုက်တွန်းအကြံပြုသည်။

“မြန်မာနိုင်ငံက နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်မှုအောက်မှာရှိခဲ့တယ်။ စီမံကိန်းတွေကို ပြန်ကြည့်မယ်ဆိုရင် ပွင့်လင်းမြင်သာမှုမရှိဘူး။ လာဘ်စားမှုတွေရှိတယ်။ ဒီ စီမံကိန်းအတွက် ထည့်သွင်းစဉ်းစားရမှာက အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိရပါမယ်။ လာဘ်စားမှုကင်းဖို့လိုပါတယ်” ဟု မြန်မာ အစိမ်းရောင်ကွန်ရက်မှ ဒေါ်ဒေ၀ီသန့်စင် က မေလ ၁၉ ရက်၊ ရန်ကုန်၊ ဆီဒိုးနား ဟိုတယ်တွင်ကျင်းပသော ဧရာဝတီမြစ်ဝှမ်းဘက်စုံ စီမံခန့်ခွဲရေးအတွက် ဆွေးနွေးပွဲ အခမ်းအနားတွင် ပြောသည်။

ဆက်လက်ပြီး ၎င်းက စီမံကိန်းအတွက် သက်ဆိုင်ရာပညာရှင်များနှင့် ဆွေးနွေးရ မည့်အပြင် ဧရာဝတီမြစ် ၀ှမ်းတစ်လျှောက် နေထိုင်သည့် ဒေသခံများ၏ ပူပေါင်းပါဝင်မှုများကိုပါ ထည့်သွင်းစဉ်းစားသင့်ကြောင်း ပြောသည်။

“နောက်ပြီး EIA/SIA (သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု အကဲဖြတ်လေ့လာဆန်းစစ်ခြင်း၊ လူမှုစီးပွားထိခိုက်မှု အကဲဖြတ် လေ့လာဆန်းစစ်ခြင်း)တို့ပြောရင် များသောအားဖြင့်စီမံကိန်းရ ရှိရေးအတွက် လုပ်ဆောင်နေတာများတယ်။ တကယ် ထိထိရောက် ရောက် လေ့လာဆန်းစစ်မှုတွေမရှိဘူး။ လုံလောက်တဲ့ လေ့လာဆန်းစစ်မှုတွေလဲ လိုတယ်” ဟု ဒေါ်ဒေ၀ီသန့်စင်ကပြောသည်။

Spectrum အဖွဲ့မှ ဒါရိုက်တာ မစ္စတာ ဒေးဗစ်အလန်က “ EIA/SIA လို့ပြောရင် ရလာတဲ့စစ် တမ်းတွေကို ပြည်သူကိုတကယ် ချပြရမယ်။ ပွင့်လင်းမြင်သာမှုရှိရပါမယ်။အရေးပါတဲ့ ကိစ္စရပ်ပါ” ဟု ပြောသည်။

ကမ္ဘာ့ဘဏ်မှ ကူညီမည်ဖြစ်သော အဆိုပါစီမံကိန်းကို ပို့ဆောင်ရေးဝန်ကြီး ဌာနလက်အောက် DWIR က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၎င်းင်းစီမံကိန်းကို ဧရာဝတီမြစ်ဝှမ်း နှင့် နိုင်ငံ၏ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲ မှုဆောင်ရွက်ရန် လိုအပ်သော အဖွဲ့အစည်း နှင့် လုပ်ဆောင်နိုင်စွမ်းဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ ရေကြောင်းသွားလာမှု၊ မိုးလေ၀သနှင့် ဇလဗေဒဆိုင်ရာ အသိပေးဂရုပြုစေမှုနှင့် အကြံပြုခြင်းများအား တိုးတက်စေခြင်းဖြင့် နှီးနွယ်ရာ အသက်မွေးဝမ်း ကျောင်းမှုများတွင် ကောင်းကျိုးသက်ရောက်မှုများရှိစေရန် စသည့် ဦးတည်ချက်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

စီမံကိန်းအတွက် သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးစီမံခန့်ခွဲမှု မူဘောင်အကြမ်းဆွေးနွေးခြင်းများကို ဇူလိုင် ၂၀၁၄ တွင်ပြုလုပ်ပြီး၊ ဆန်းစစ်လေ့လာခြင်းကို သြဂုတ်လတွင် ပြုလုပ်မည်ဖြစ်သည်။ ထို့နောက် ကမ္ဘာ့ဘဏ်ဘုတ်အဖွဲ့က ဒီဇင်ဘာလတွင် အတည်ပြုမည်ဖြစ်သည်။

Mizzima Burmese