သက်ရှိ ဂြိုဟ်သားများကို အနှစ်နှစ်ဆယ် အတွင်း တွေ့ရှိနိုင်ဟု နက္ခတ္တဗေဒ ပညာရှင်များ ပြောကြား

ပို့စ်တင်ချိန် - 5/25/2014 12:32:00 PM




ဝါရှင်တန် မေ ၂၃

လာမည့်နှစ် နှစ်ဆယ်အတွင်း သက်ရှိ ဂြိုဟ်သားများကို တွေ့မြင်ရနိုင်ဖွယ် ရှိသည်ဟု နက္ခတ္တဗေဒ ပညာရှင်များက အမေရိကန် ကွန်ဂရက် လွှတ်တော်သို့ ပြောကြား ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြောကြားချက်ကို အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား တက္ကသိုလ် ကမ္ဘာဂြိုဟ် ပြင်ပလေ့လာမှု သုတေသန ဌာနမှ နက္ခတ္တဗေဒ ပညာရှင်များ ဖြစ်ကြသော ဒန်ဝါသီမာနှင့် ဆက်သ်ချို စတက်ခ်တို့က ၎င်းတို့ ရရှိထားသည့် သက်သေ အထောက်အထား များ နှင့်တကွ အမေရိကန် ကွန်ဂရက် ဆိုင်ရာ သိပ္ပံ အဖွဲ့အစည်း တစ်ခု၏ အဖွဲ့ဝင်များထံ တင်ပြခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

လက်ရှိအချိန်တွင် နက္ခတ္တဗေဒ ပညာရှင်များသည် သက်ရှိဂြိုဟ်သား လေ့လာမှုအတွက် အင်္ဂါဂြိုဟ်နှင့် နေအဖွဲ့အစည်း အတွင်းရှိ လများကို အဓိက နေရာများ အဖြစ်သတ်မှတ်၍ လေ့လာမှုများ ပြုလုပ်လျက် ရှိကြောင်း၊ ကမ္ဘာဂြိုဟ်အပြင် အနည်းဆုံး အခြားဂြိုဟ် ခြောက်ခု ခန့်၌လည်း သက်ရှိများ နေထိုင်နိုင်ဖွယ် ရှိကြောင်း၊ ၎င်းတို့ကို ရှာဖွေနိုင်မည့် အခွင့်အလမ်း များမှာလည်း မိမိသိရှိထား သလောက် အလွန်ကောင်းမွန်မှု ရှိကြောင်း၊ အကယ်၍သာ လုပ်ဆောင်နိုင်ပါက သုံးစွဲသည့် ရန်ပုံငွေ အပေါ် မူတည်၍ လာမည့် နှစ်နှစ်ဆယ် အတွင်းတွင် သက်ရှိဂြိုဟ်သားများကို တွေ့မြင်နိုင်မည် ဖြစ်ကြောင်း ဒန်ဝါသီမာက ပြောကြားသည်။

သက်ရှိ ဂြိုဟ်သားများ ရှိ၊ မရှိကို လေ့လာ မှုများ ပြုလုပ်ခဲ့ရာတွင် သက်ရှိများ ရှင်သန် နေထိုင်မှု အတွက် လိုအပ်သည်ဟု မိမိတို့ ယူဆထားသည့် အခြေအနေ များနှင့် လိုအပ် ပစ္စည်းများအား နေအဖွဲ့ အစည်းအတွင်းရှိ အခြားဂြိုဟ်များတွင်လည်း တွေ့ရှိနေရသည့် သက်သေ အထောက်အထား များစွာကို လွန်ခဲ့သော နှစ်ပေါင်း ငါးဆယ် အတွင်း တွေ့ရှိခဲ့ရကြောင်း၊

ထို့ကြောင့် မိမိတို့ ရှင်သန်နေထိုင် နေသည့် နေအဖွဲ့အစည်း အတွင်းတွင် ရှေးကျသော သက်ရှိဂြိုဟ်သားများ ရှိနိုင်ဖွယ်ရှိကြောင်း၊ စေတန်ဂြိုဟ် သို့မဟုတ် ဂျူပီတာ ဂြိုဟ် လမျက်နှာပြင်များ ပေါ်တွင် သမုဒ္ဒရာ ရေစီးကြောင်းများ ရှိနေကြောင်း၊ ထိုကဲ့သို့ တည်ရှိနေမှုသည် သက်ရှိများ နေထိုင်နိုင်သည့် ပတ်ဝန်းကျင် အခြေအနေ ကောင်း တစ်ခုပင်ဖြစ်ကြောင်း ဝါတီမာက ထပ်လောင်း ပြောကြားထားသည်။

သို့သော်လည်း ဝေးလံလှသော ဂြိုဟ်များ၏ လေထုအတွင်း၌ သက်ရှိများ ရှင်သန်နိုင်မည့် မီသိန်းဓာတ်ငွေ့ သို့မဟုတ် အောက်ဆီဂျင် ဓာတ်ငွေ့များ၊ ရှိ၊ မရှိကို စစ်ဆေး နိုင်ရန်မှာ အလွန်အလှမ်း ဝေးလှကြောင်း၊ မိမိတို့ သုတေသန အဖွဲ့အနေဖြင့် သက်ရှိဂြိုဟ်သား များကို ရှာဖွေရန်အတွက် အာကာသအတွင်း သို့ ရေဒီယို အချက်ပြမှု များ ထုတ်လွှင့်ခြင်း သို့မဟုတ် ကမ္ဘာမြေကြီးမှ ပြန်လည် ဖမ်းယူ နိုင်သည့် အခြားအချက် ပြမှုများ ထုတ်ပေး ခြင်းတို့ကို လုပ်ဆောင် နေကြောင်း ဆက်သ်ချို စတက်ခ်က ကွန်ဂရက် ဆိုင်ရာ သိပ္ပံအဖွဲ့ အစည်းတစ်ခု၏ အဖွဲ့ဝင်များထံ နိဂုံးချုပ် ပြောကြားခဲ့သည်။

မြ၀တီ