မျိုးစောင့်ဥပဒေကန့်ကွက်သူများကို ရှုတ်ချဟု အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဆို

ပို့စ်တင်ချိန် - 5/10/2014 06:27:00 PM


အောင်ကိုဦး

မန္တလေး၊ မဇ္ဈိမ။ ။ မျိုးစောင့်ဥပဒေရေးဆွဲခြင်းနှင်
့ ကော်မရှင် ဖွဲ့စည်းဆောင်ရွက်ခြင်းကြောင့် သမ္မတဦးသိန်းစိန်အား အမျိုးသမီး အဖွဲ့အစည်းများနှင့် အရပ်ဘက်အဖွဲ့အစည်း ၁၀၀ခန့်က ကန့်ကွက်ခြင်းနှင့် ပတ်သက်၍ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က မေလ၉ရက်တွင်
သဘောထားကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်ဟု အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(အထက်မြန်မာပြည်)က ဦးဆောင်ဆရာတော် အရှင်ဣန္ဒာစက္ကာ ဘိဝံသက မဇ္ဈိမကို မိန့်ကြားသည်။

"အခုလုပ်နေတာ အမျိုးသမီးအခွင့်အရေး ချိုးဖေါက်နေတာမပါဘူး။ မရသေးတဲ့ အခွင့်ရေးတွေရအောင်လုပ်ဖို့နဲ့ အခွင့်အရေးတွေ မဆုံးရှုံးဖို့လုပ်နေတာပါ။ ဗုဒ္ဓဘာသာနိုင်ငံမှာ မျိုးစောင့်ဥပဒေမရှိလို့မရဘူး။ ဒါကြောင့်လည်း မဖြစ်ဖြစ်အောင် လုပ်ဆောင်နေကြတယ်။"ဟု ဦးဆောင်ဆရာတော် မှမိန့်ကြားသည်။

ယခုကန့်ကွက်နေကြသော အဖွဲ့အစည်းများသည် မျိုးစောင့်ဥပဒေကို သေချာမသိဘဲ ကန့်ကွက်နေခြင်းဖြစ်ပြီး အဓိပ္ပါယ်မဲ့လုပ်ရပ်သာ ဖြစ်သည်ဟု ဆရာတော်က
မိန့်ကြားလိုက်သည်။ ကန့်ကွက်လိုပါကလည်း အမျိုးဘာသာ စောင့်ရှောက်ရေးအဖွဲ့သို့ တရားဝင် ကန့်ကွက်စာနှင့် ကြေငြာချက် ပိုသင့်သည်ဟု မိန့်သည်။

"အမျိုးသမီးတွေ အခွင့်အရေးကို ထိန်းချုပ်ထားတာပါရင် ဆွေးနွေးလို့ရတယ်။ ကြိုက်တဲ့နေရာ ကြိုက်တဲ့အချိန်ပြော ဆွေးနွေးမယ်။ ဥပဒေမူကြမ်းကိုလည်း တစ်နိုင်ငံလုံးမှာ ဖြန့်ထားတယ်။ အခုမြန်မာအမျိုးသမီးတွေက ကိုယ့်နိုင်ငံမှာနေပြီး အခွင့်အရေးချိုးဖေါက်ခံနေရတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီး ကန့်ကွက်နေတာ အမျိုးသားရေးကို
သစ္စာဖေါက်တာပဲ"ဟု ဆရာတော်က မိန့်သည်။

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (အထက်မြန်မာပြည်)၏ ကြေငြာချက်တွင် မျိုးစောင့်ဥပဒေကို လေ့လာရန် တိုက်တွန်းချက်အပါအဝင် ထိုဥပဒေကို ကန့်ကွက်နေသူသည့် အဖွဲ့များအား အမျိုးသားရေးသစ္စာဖောက်အဖြစ် သတ်မှတ်ကြောင်း၊ လူ့အခွင့်မျက်လုံးဖြင့်ကြည့်ကာ နိုင်ငံတော်ကို သစ္စာမစောင့်ထိုင်းသူများကို
အပြင်းအထန်ရှုတ်ချကြောင်းနှင့် ယင်းဥပဒေနှင့် ပတ်သက်၍ မည်သူမဆို လာရောက်ဆွေးနွေးနိုင်ကြောင်း ရေးသားထားသည်။

ထိုနေ့တွင်ပင် အမျိုးသမီးအဖွဲ့များကလည်း ရန်ကုန်မြို့တွင် မျိုးစောင့်ဥပဒေကို ကန့်ကွက်ကြောင်းနှင့် ပတ်သက်၍ မီဒီယာများသို့ ရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။

Mizzima Burmese