ယူနိုက်တက် လူငယ်ကစားသမားလေးကို ပြိုင်ဘက်ကလပ်များ အပြိုင်စိတ်ဝင်စား

ပို့စ်တင်ချိန် - 5/10/2014 10:00:00 PM


မန်ချက်စတာ ယူနိုက်တက် အနေဖြင့် အသင်းမှ လူငယ်ကစားသမားလေး တစ်ဦးကို ပြိုင်ဘက်အသင်းများက သွေးဆောင်ခေါ်ယူမည့် ခြိမ်းခြောက်မှုမျိုးနှင့် ကြုံနေရကြောင်း သိရှိရသည်။ မြို့ခံပြိုင်ဘက် မန်ချက်စတာ စီးတီးအသင်းသည် ယူနိုက်တက်မှ အသက်(၁၆)နှစ်အရွယ် ကစားသမားလေး မားကက်စ်ရက်ရှ်ဖော့ဒ်ကို ခေါ်ယူနိုင်ရန် ကြိုးပမ်းလျှက်ရှိကြောင်း သတင်းများက ဆိုသည်။ ထို့အပြင် ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ကလည်း ပင်ကိုအရည်အချင်း ပြည့်ဝသည့် အဆိုပါ ကွင်းလယ်တိုက်စစ် ကစားသမားလေးကို စောင့်ကြည့်နေကြောင်း သိရသည်။

ရက်ရှ်ဖော့ဒ်သည် အင်္ဂလန် ဘောလုံးလောကတွင် အနာဂတ် အလားအလာ အကောင်းဆုံး သွေးသစ်လူငယ်လေး တစ်ဦးအနေဖြင့် သတ်မှတ်ခံထားရသည်။ ယူနိုက်တက်သည် ရက်ရှ်ဖော့ဒ်အား များပြားသည့် လုပ်ခလစာမျိုး ပေးချေပြီး စာချုပ်ရန် အတန်ငယ် ဆုတ်ဆိုင်းနေပြီး ထိုအခြေအနေတွင် ပြိုင်ဘက်များက တက်တက်ကြွကြွ လှုပ်ရှားလာခြင်း ဖြစ်သည်။ ယူနိုက်တက် အနေဖြင့် ရက်ရှ်ဖော့ဒ် တစ်ဦးတည်းသာ မကဘဲ အခြားသော အကယ်ဒမီ လူငယ်သင်တန်းသားလေး အချို့ကိုလည်း ပြိုင်ဘက်များထံ လက်လွှဲပေးရမည့် အနေအထားမျိုး ကြုံနေရသည်။

အသင်း၏ လူငယ်သင်တန်းသား စာချုပ်မူဝါဒအရ ကစားသမားများကို လုပ်ခလစာ အများအပြား ပေးချေခြင်းအား ကန့်သတ်ထားခြင်းကြောင့် ယင်းအခြေအနေမျိုးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ လတ်တလောတွင် ယူနိုက်တက် လူငယ်အကယ်ဒမီ ကစားသမားလေး တစ်ဦးဖြစ်သည့် ဂျိမ်းစ်ဝီလ်ဆင်သည် ဟူးလ်စီးတီးနှင့်ပွဲတွင် ပထမအသင်း ပွဲထွက်ခွင့် ရရှိခဲ့ပြီး ပွဲဦးထွက်တွင်ပင် (၂)ဂိုးသွင်းယူထားနိုင်ခဲ့သည်။ အဆိုပါပွဲစဉ်တွင် အခြားသော လူငယ် အကယ်ဒမီ သင်တန်းသား တစ်ဦးဖြစ်သည့် တွမ်လောရင့်စ်လည်း ပါဝင်ကစားပြီး ပရိသတ်များ နှစ်ခြိုက်အောင် ခြေစွမ်းပြသွားခဲ့သည်။

Planet Myanmar Network