မြန်မာနိုင်ငံသို့ တင်သွင်းမည့် လိင်စိတ်ကြွဆေး ၁ သန်းနီးပါး ဖမ်းဆီးရမိ

ပို့စ်တင်ချိန် - 5/05/2014 04:29:00 PM


ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် သောင်ရင်းမြစ်ကူးတို့ဆိပ်မှာ မြန်မာနိုင်ငံထဲကို တင်သွင်းမယ့် လိင်စိတ်ကြွဆေးပြား အလုံးရေ ၁ သန်းနီးပါး ဖမ်းဆီးရမိတယ်လို့  မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

ဓာတ်ပုံ – manager.co.th

မဲဆောက်မြို့နယ် အကောက်ခွန် အရာရှိ နိုင်းဖုန်းထိပ်ဘိုဆပ် က သတင်းထောက်တွေ ကို ပြောကြားရာမှာ အမှတ် ၄ အထူးစစ်ဆင်ရေးတပ်၊ ရာဇ၀တ်မှုနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ မဲဆောက်မြို့မရဲစခန်းက တာဝန်ရှိသူတွေ ပူးပေါင်းပြီး နယ်ခြားဂိတ်တွေ စစ်ဆေးရာမှာ မဲဆောက်မြို့နယ် အမှတ် ၁၆ သောင်ရင်းမြစ် ကူးတို့ဆိပ်မှာ စိတ်နဲ့ အာရုဏ်နိုးထဆေးအပြင်းစား အဆင့် ၁ ဆေးတွေကို မေ ၄ ရက်နေ့က  ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲဒီဆေးတွေမှာ  Ativan , Xanax ,  Razepam ,  Frisium နဲ့  Clobazam စတဲ့ ဆေးအမျိုးအစားတွေ ပါဝင်ပြီး စုစုပေါင်း အလုံးရေ ၉ သိန်း ၂ သောင်း ဖမ်းဆီးရမိကြောင်း၊ ပေါက်ဈေး ဆေး ၁ ပြားကို ၄ နဲ့ ၅ ဘတ်အထိ ရှိတဲ့အတွက် ကာလတန်ဖိုး ဘတ်သန်းချီရှိကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီဆေးတွေဟာ ပါကစ္စတန်နိုင်ငံကနေ စင်ကာပူ၊ အဲဒီကမှ ထိုင်းနိုင်ငံ ချွန်းပုးရီးခရိုင် လဲမ်ချပန်လှေဆိပ်ကနေတဆင့် တာ့ခရိုင်ကို ဖြတ်ပြီး မြန်မာနိုင်ငံ မြ၀တီဘက် တင်သွင်းဖို့ ဖြစ်တယ်လို့  အကောက်ခွန်အရာရှိက ထိုင်းသတင်းထောက်တွေကို ပြောသွားပါတယ်။

DVB Burmese