ငါးဖမ်းလှေတွင် ရှစ်လကြာ ရောင်းစားခံထားကြရသည့် မြန်မာခြောက်ဦးအား ကယ်ထုတ်နိုင်ခဲ့

ပို့စ်တင်ချိန် - 5/05/2014 11:11:00 AM


ဗန်ကောက် မေ ၎

ငါးဖမ်းလှေပေါ်တွင် ရှစ်လကြာရောင်းစားခံခဲ့ရသည့် မြန်မာအလုပ်သမားသုံးဦးအပါအဝင် အလုပ်သမား ခြောက်ဦးတို့အား မေ ၁ ရက် ညနေပိုင်းက ကယ်ထုတ်လိုက်နိုင်ပြီဖြစ်ကြောင်း ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများ အဖွဲ့ (Myanmar Associationin Thailand) မှ ဆက်သွယ်ပြောပြချက်အရ သိရ သည်။

အဆိုပါ ရှစ်လကြာရောင်းစားခံရသည့် မြန်မာအလုပ်သမားသုံးဦးအပါအဝင် အလုပ်သမားခြောက်ဦးတို့အား ဗန်ကောက်မြို့အခြေစိုက် MAT အဖွဲ့၊ ဖန်ငအခြေစိုက် ပညာရေးဖောင်ဒေးရှင်း FED တို့မှ ချောင်းစမေးစံ ရွာလူကြီး အကူအညီဖြင့် ကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၄င်းတို့သည် ဘန်ကောက်မြို့ တောင်ဘက်ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီခရိုင်၊ချောင်းစမေးစံငွေလာစင် တံတားမှလှေအမှတ် YC12 ပေါ် တွင် ရောင်းစားခံခဲ့ရသူများဖြစ်ကြသည်။ ပြန်လည်လွတ်မြောက်လာကြသူများမှာရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်
မှသုံးဦး၊ ဖျာပုံမှတစ်ဦးနှင့် ပဲခူးမှ နှစ်ဦး တို့ဖြစ်ကြောင်း ၄င်းတို့အတွင်း ငါးဖမ်းလှေပေါ် တွင် အများဆုံးရှစ်လ ရောင်းစားခံထားကြရသူများရှိသလို အချို့အနည်းဆုံး ၁၀ရက်ကျော်အထိ အလုပ်လုပ်ခဲ့ကြရသူများလည်း ရှိနေကြ သည်။

လွတ်မြောက်လာကြသူများအတွင်းပါဝင်သည့် ရခိုင်အလုပ်သမားသုံးဦးတို့မှာ ပြီးခဲ့သော ဧပြီ ၂၅ ရက်က ဗန်ကောက်မြို့တွင် လေးရက်နှင့်သုံးည အခန်းပိတ်လှောင်ခံခဲ့ ရသည့် ရခိုင်အလုပ်သမ၏ ခင်ပွန်းနှင့် ခဲအိုတို့ပါဝင်နေကြောင်း သိရသည်။ ၄င်းတို့ သုံးဦးအား တစ်ဦးလျင် ဘတ်ငွေ ၁၆၀၀၀ ဖြင့် ဗန်ကောက်မှ ပွဲစား အမျိုးသမီး တစ်ဦးကရောင်းစားခဲ့ခြင်းဖြစ်သည်။

MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်းက “လူကုန်ကူးခံနေရသူတွေနဲ့ အချိတ်အဆက်ရအောင် ဆက်သွယ် ရတာ အတော်ခက်ခဲပါ တယ်။ငါးဖမ်းလှေပေါ်က မြန်မာအလုပ်သမားတွေ လွတ်မြောက်ဖို့ ခက်ခဲအောင် ထိုင်းငါးဖမ်းလုပ်ငန်းရှင် တွေနဲ့မြန်မာပွဲစားတွေက စနစ်တကျစီစဉ်ထားကြတာ၊ ငါးဖမ်းလှေ ကိုမြန်မာ အလုပ်သမားတွေ အစုလိုက်အပြုံလိုက် ရောင်းစားဖို့ လွယ်ကူပေမယ့်လှေပေါ်က မြန်မာတစ်ယောက်ကို ကျွန်တော်တို့ ခေါ်တင်နိုင်ဖို့အတော်ခက်ခဲပါတယ်။ လူကုန်ကူးတဲ့ ယန္တရားကကြီးမားပြီး ကျယ်ပြန့်ပါတယ်။ ကျွန်တော်တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးကို နှစ်နိုင်ငံအစိုးရနဲ့ ပူးပေါင်းဆောင်ရွက် နေတာဖြစ်ပေမယ့် အထူးသတိထားလုပ်ကိုင်နေရပါတယ်” ဟုပြောကြားခဲ့သည်။

ပြန်လည်လွတ်မြောက်လာသူဖြစ်သော ဖျာပုံမှကိုဌေးနိုင်က “ကျွန်တော်ဖုန်းနှစ်လုံးဝယ်ထားတယ်။ ကျွန်တော် အလိမ်ခံနေရတာ လှေပေါ်မှာ ရှစ်လကျော်ပြီ၊ ရခိုင်အမျိုးသား သုံးဦးရောက်လာမှ ဦးကျော်သောင်းနဲ့ အဆက်အသွယ်ရခဲ့တာပါ။ သူ့ဆီကို ဖုန်းကင်မရာနဲ့ လိုအပ်တာတွေကိုရိုက်ပြီးပို့ပေးတယ်။ ပိုက်ဆရာတွေ မသိအောင် အချက်အလက်တွေကိုလှမ်းပြောပါတယ်။ မေ ၂ ရက်ညနေက ကျွန်တော်တို့ကမ်းကို ကပ်လာ တယ်။

ပစ္စည်းတင်ပြီးတာနဲ့ချက်ချင်းလှေပြန်ထွက်မှာဖြစ်တယ်။သူဌေးမန်နေဂျာက မလွှတ်ဘူး။ တစ်ဦးကို ဘတ် ၁၆၀၀၀ ပေးမှပြန်သွားရမယ်လို့ပြောတယ်။

MAT ဦးစိုင်းအေးနဲ့လည်း အချေအတင်ဖြစ်ကြ တယ်။ ကင်မရာပါ တဲ့ ကျွန်တော့်ဖုန်း ကိုလည်း မန်နေဂျာက သိမ်းယူသွားတယ်။ နောက်ထပ်ဝှက်ထားတဲ့ဖုန်းနဲ့ နောက်ဆုံး အခြေအနေတွေကို ဦးကျော်သောင်းကို ကျွန်တော်သတင်း ပို့နေခဲ့ပါတယ်။

မွန်ပွဲစား၊လှေဆိပ်က ထိုင်းရဲတွေနဲ့ လှေပိုင်ရှင်တွေကတော့ ကျွန်တော်တို့ ကိုစားမတတ်၊ ဝါးမတတ်ပါပဲ။ ကယ်တင်ပေးတဲ့ သူတွေ အားလုံး ကို ကျေးဇူးတင် ပါတယ်ဗျာ” ဟုပြောသည်။

ဗန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT သည် ထိုင်းတောင်ပိုင်းဖန်င အခြေစိုက် FED နှင့်အတူ၂၀၁၁ ခုနှစ်တွင် လူကုန်ကူးခံရသူပေါင်း ၅၀ ၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦးနှင့် ၂၀၁၃ ခုနှစ် တွင် ၂၆၄ ဦးတို့အား ကယ်တင်နိုင်ခဲ့ပြီး ၂၀၁၄ခုနှစ် ဇန်နဝါရီလမှစ၍ ယခုအမှုကိစ္စအပါအဝင် လေးလ အတွင်း လူကုန်ကူးခံရ သည့် မြန်မာအလုပ်သမားပေါင်း ၈၁ ဦးအား ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ကြောင်း ဗြွှ မှတ်တမ်း များအရ သိရသည်။

စိုးဝင်း(SP)

MOI Webportal Myanmar