အေးချမ်းမိုးနှင့် သရီးဒီပုံတူရုပ်တု

ပို့စ်တင်ချိန် - 5/28/2014 02:02:00 PM



မျက်နှာနှင့်ခန္ဓာကိုယ် အပေါ်ပိုင်းကို သရီးဒီစကင်ဖတ်ကာ ပုံစံတူရုပ်တုပြုလုပ်ထားသော အရုပ်သည် ပန်းပုထုထားသည်ထက်ပင် ပို၍ လက်ရာမြောက်နေသဖြင့် အံ့သြခဲ့ရကြောင်း မော်ဒယ်အေးချမ်းမိုးကပြောသည်။

‘‘ညီမနဲ့တော်တော်တူတယ်။ သရီးဒီစကင်ဖတ်ထားတာဆိုတော့ ကလစ်တွေကအစ မြင်နေရတယ်။ ကိုယ့်ကိုယ်ကိုယ်မြင်နေရသလိုမျိုးဆိုတော့ အရမ်းအံ့သြပြီး ၀မ်းလည်းသာတယ်’’ ဟု အေးချမ်းမိုးက ပြောသည်။

ယင်းအရုပ်ကို Life & Challenge ကုမ္ပဏီက ပြုလုပ်ပေးခြင်းဖြစ်ပြီး လွန်ခဲ့သည့် ငါးလခန့်က ပြုလုပ်ခဲ့သော ICT ပြပွဲတွင် ပုံတူ ပြုလုပ်ရန် သရီးဒီစကင်ဖတ်ခဲ့ခြင်း ဖြစ်ကြောင်း အေးချမ်းမိုးက ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်   ဒီဇင်ဘာလောက်က လုပ်တဲ့ ICT ပြပွဲတစ်ခုမှာ ညီမ Presenter လုပ်ပေးတဲ့ ဘေးဆိုင်က သရီးဒီစကင်လုပ်တဲ့ စက်တွေရောင်းတာ။ အဲဒီမှာ သရီးဒီစကမ်ဖတ်ပြီး လူရုပ်ပုံတူ လုပ်လို့ရတယ်။ အဲဒီမှာ ညီမရဲ့ ပုံကို စကင်ဖတ်သွားတာ။ အခု ပုံတူ နှစ်ခုလုပ်ထားပြီး တစ်ခုက ညီမကိုပေးတယ်။ တစ်ခုကတော့ နမူနာအနေနဲ့ ပြထားတယ်’’ ဟု အေးချမ်းမိုးက ပြောသည်။

အနုပညာလှုပ်ရှားမှုအနေဖြင့် ပြီးခဲ့သည့်ရက်က အင်ဒိုနီးရှား နိုင်ငံ ဘာလီကျွန်းသို့ ကြော်ငြာတစ်ခုရိုက်ကူးရန် သွားရောက်ခဲ့သော်လည်း ခရီးစဉ်အခက်အခဲအချို့ကြောင့် အနည်းငယ်သာ ရိုက်ကူးခဲ့ရပြီး ဇွန်လထဲတွင် မြန်မာနိုင်ငံ၌ ဆက်လက်ရိုက်ကူးမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဇွဲဉာဏ်
7day daily