မော်လမြိုင် နည်းပညာတက္ကသိုလ်အတွင်း မူးယစ်ဆေး ရောင်း၊ ဝယ်နေဟု ကျောင်းသားများဆို

ပို့စ်တင်ချိန် - 5/29/2014 11:05:00 AM


မော်လမြိုင်၊ မေ ၂၈

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပရိဝုဏ်အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် သုံးစွဲမှုများ ကျောင်းသားများကြားတွင် ရှိနေကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများနှင့် ကျောင်းသားများ သမဂ္ဂဝင်များက ပြောကြားသည်။

မုဒုံမြို့နယ် အောင်မေတ္တာ ဓမ္မရိပ်သာကျောင်းတွင် မေလ ၂၇ ရက်နေ့က ပြုလုပ်သည့် နည်းပညာတက္ကသိုလ် (မော်လမြိုင်) ကျောင်းသားများ တွေ့ဆုံပွဲတွင် ၎င်းတို့က ယင်းသို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းပတ်ဝန်းကျင်အနီး ကျေးရွာများရှိ ကျောင်းသား တည်းခိုဆောင် အချို့နှင့် လက်ဖက်ရည်ဆိုင် အချို့တွင် ကျောင်းသားများသည် မူးယစ်ဆေးဝါးများကို အလွယ်တကူ ဝယ်ယူ သုံးစွဲနိုင်ကြကြောင်း၊ ယင်းကြောင့် ကျောင်းသားများအကြား မူးယစ်ဆေးဝါး သုံးစွဲမှု လျော့နည်းလာရေးအတွက် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး လုပ်ငန်းများ ပြုလုပ်မည် ဖြစ်ကြောင်း ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အတွင်းရေးမှူး ကိုဘုန်းမြတ်မိုးက ပြောကြားသည်။

“ပြင်ပအဆောင်တွေမှာ နေတဲ့ ကျောင်းသားတွေက မူးယစ်ဆေး သုံးစွဲတာ များတယ်။ ကျောင်းကလည်း မြို့နဲ့ အလှမ်းဝေးတဲ့ တောထဲမှာ ဖြစ်နေတော့ ကျောင်းသားတွေ အလွယ်တကူ ဆေးသုံးနိုင်တဲ့နေရာ ဖြစ်နေတယ်။ မူးယစ်ဆေး ရောင်းတဲ့သူတွေကလည်း ကျောင်းသားတွေ ဖြစ်နေတဲ့အတွက် သုံးစွဲတဲ့ ကျောင်းသားတွေအတွက် အလွယ်တကူ ရနိုင်တဲ့ နေရာလည်း ဖြစ်နေတယ်” ဟု ၎င်းက ပြောဆိုသည်။

ကျောင်းသားများကြား မူယစ်ဆေးသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် မူးယစ်ဆေး ဖြတ်ပေးသည့် ကျန်းမာရေး ဌာနများထံ အကူအညီ တောင်းခံမည် ဖြစ်သော်လည်း ရဲတပ်ဖွဲ့သို့ သတင်းပေး တိုင်ကြားမည် မဟုတ်ကြောင်း မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂ အတွင်းရေးမှူးက ထပ်လောင်း ပြောဆိုသည်။

ယင်းသို့ ကျောင်းသားများ မူးယစ်ဆေး သုံးစွဲခြင်းနှင့် ပတ်သက်၍ ကျောင်းသားများကို ဖမ်းဆီး အရေးယူခြင်းထက် မူးယစ်ဆေးဝါး ကာကွယ်တားဆီးရေး လုပ်ငန်းနှင့် ပညာပေးလုပ်ငန်းများကို နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ပိုမိုလုပ်ဆောင်မည် ဖြစ်ကြောင်း၊ ယင်းကိစ္စများ ပေါ်ပေါက်ပါက မြန်မာနိုင်ငံ မူးယစ်ဆေး ဆန့်ကျင်ရေးအသင်း (MANA-မွန်ပြည်နယ်) နှင့် မွန်ပြည်နယ် မူးယစ် အထူးရဲတပ်ဖွဲ့တို့ကို ညှိနှိုင်းပြီး ယခုနှစ် ကျောင်းဖွင့်ရာသီတွင် ပညာပေး ဟောပြောပွဲများ ကျင်းပေးမည် ဖြစ်ကြောင်း မွန်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာလှဦးက ပြောကြားသည်။

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းဝင်းအတွင်း ဈေးသည်တစ်ဦးက မူးယစ်ဆေးဝါး ရောင်းချနေသည်ကို လွန်ခဲ့သည့် ခြောက်နှစ်က ဖမ်းဆီးမိခဲ့သည့် သာဓက ရှိခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ် မေလ နောက်ဆုံးပတ် အတွင်းကလည်း ကျောင်းအနီးရှိ ရွှင်လန်း ကွမ်းယာဆိုင် ပိုင်ရှင်ကိုလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးမိခဲ့သည်ဟု ယင်းတက္ကသိုလ် အင်္ဂလိပ်စာဌာန လက်ထောက်ကထိက ဦးသိန်းဇော်ဦးက ရှင်းပြသည်။

မော်လမြိုင် နည်းပညာတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ လိုက်နာရမည့် အချက် ၁၆ ချက်အနက် အရက်သေစာ သောက်စားခြင်း၊ မူးယစ်စေတတ်သည့် ဆေးဝါးများ သုံးစွဲခြင်း၊ သယ်ယူခြင်း၊ လက်ဝယ်ထားရှိခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း မပြုလုပ်ရဆိုသည့် အချက်များ ပါဝင်ကြောင်း၊ ယင်းအချက်များကို ကျောင်းသား ကျောင်းသူများအပြင် အုပ်ထိန်းသူများပါ လက်မှတ် ရေးထိုးရကြောင်း၊ ယင်းစည်းကမ်းချက် ဖောက်ဖျက်ပါက ကျောင်းက ထုတ်ပယ်သည်အထိ အရေးယူ ခံရမည်ဟု ကျောင်းအပ်နှံစဉ်ကပင် အသိပေးထားကြောင်း နည်းပညာတက္ကသိုလ် (မော်လမြိုင်) ခေတ္တကျောင်းအုပ်ကြီး ဒေါက်တာမင်းဇော်အောင်က ပြောကြားသည်။

မူးယစ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို မွန်ပြည်နယ် အတွင်းရှိ တက္ကသိုလ်ကျောင်းများ၌ နှစ်စဉ် ပြုလုပ်ပေးလျက် ရှိကြောင်း၊ မူးယစ်ဆေးဝါး ရောင်းချသည်ဟု သတင်းရရှိပါက သတင်းပေး တိုင်ကြားနိုင်သည့် ရဲတပ်ဖွဲ့၏ ဖုန်းနံပါတ်များနှင့် တိုင်ကြားနိုင်မည့် စာတိုက်ပုံးများ ထားရှိပေးထားသည်ဟု ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး မူးယစ်ဌာနက ရဲအုပ် ဦးဇော်ဝင်းအောင်က ပြောဆိုသည်။

The Voice Weekly