ကုန်ဈေးနှုန်းများ မြင့်တက်၍ ပြည်သူများအခက်ကြုံ

ပို့စ်တင်ချိန် - 5/02/2014 06:03:00 AM


ယခုရက်ပိုင်းအတွင်း အခြေခံစားကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်းကြောင့် ပြည်သူ အများစုမှာ အခက်အခဲပေါင်းစုံ ရင်ဆုင်ကြုံတွေ့နေရသည်ဟု စီးပွားရေးပညာရှင်များနှင့် အခြေခံ လူတန်းစား အများစုက ပြောသည်။

ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ ပြီးခဲ့သည့် နှစ်လကထက် ၂၀ ရာခိုင်နှုန်း အထိမြင့်တက်နေခြင်းမှာ ၀န်ထမ်းများ လစာတိုးခြင်းကြောင့်ဖြစ်ပြီး အခြေခံ လူတန်းစားများ၏ အနိမ့်ဆုံး လစာတိုးမြင့်လာမှု မရှိခြင်းကြောင့် အခြေခံလူတန်းစားများ အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု စီးပွား ရေး ပညာရှင် ဦးလှမောင်က ဧပြီလ ၃၀ ရက် တွင် မဇ္ဈိမကို ပြောသည်။

ကုန်ဈေးနှုန်းတက်ရခြင်း၏ အဓိက အကြောင်းအရင်းမှာ ၀န်ထမ်းများလစာ တက်ခြင်းကြောင့်ဖြစ်ပြီး လျှပ် စစ်မီတာခ တိုးခြင်းမှာလဲ ကုန်ဈေးနှုန်းတက်ခြင်းကို အထောက်အပံ့ဖြစ်စေသော အကြောင်းအရင်း တစ် ရပ်ဖြစ်သည်ဟုလည်း ဦးလှမောင်က ပြောသည်။ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် အခြေခံလူတန်းစားများ ခက်အခဲများဖြစ်ရပြီး ဆင်းရဲမွဲတေမှုများ လျော့နည်းအောင်ပြုလုပ်ရာတွင် ကုန်ဈေးနှုန်း ထိန်းသိမ်းနိုင်ရေး လုပ်ငန်းကိုလည်း စနစ်တကျ စစ်တမ်းကောက်ယူ ဆောင်ရွက်သင့်သည်ဟု ဦးလှမောင် က ပြောသည်။

ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်းမှာ ၀န်ထမ်းများ လစာတိုးခြင်းကြောင့်ဟု ထင်မြင်ယူဆပြီး အသားဈေး ငါးဈေး တက်နေခြင်းများကြောင့် ခြိုးခြံချွေတာ၍ ဈေးဝယ်နေသော်လည်း အခက်အခဲများနှင့် ရင်ဆိုင်နေရ ကြောင်း၊ အစိုးရ၀န်ထမ်း မဟုတ်သည့် အောက်ခြေလူတန်းစားများမှာ အခက်အခဲများရှိကြောင်း မြောက် ဒဂုံတွင် နေထိုင်သည့် အိမ်ရှင်မ ဒေါ်အေးမြက ပြောသည်။

ဒလမှ အစိုးရ၀န်ထမ်းဖြစ်သူ ကျောင်းဆရာမ တစ်ဦးက “လစာက သိသိသာသာ မတက်ဘူး။ ဒါပေမဲ့ ကုန်ဈေးနှုန်းက တက်နေတော့ လစာတိုးလဲ အဆင်မပြေဘူး။ ၀န်ထမ်းတွေ လစာတက်တယ်ဆိုတာနဲ့ စီးပွားရေးလုပ်တဲ့ လူတွေက ဈေးတက်ကြတာပဲ” ဟုပြောသည်။

ဆန်ဈေး

ဧပြီလအတွင်း ဆန်အမျိုးမျိုးမှာ တစ်အိတ်လျှင် ကျပ် ၅၀၀ မှ ကျပ် ၁,၀၀၀ ကြား ဈေးများတက်နေပြီး သင်္ကြန် မတိုင်ခင်အချိန်မှ လက်ရှိအထိ ဆန်ဈေးမှာ တစ်အိတ်လျှင် ကျပ်၁,၀၀၀ နီးပါးတက်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သူများအသင်း တွဲဖက်အတွင်းရေးမှူး ဒေါက်တာစိုးထွန်းက ဧပြီလ ၃၀ ရက်တွင် မဇ္ဈိမကို ပြောသည်။ တရုတ်နိုင်ငံသို့ မြန်မာဆန်များ တင်ပို့နေရခြင်းကြောင့် ဆန်ဈေးမြင့်တက်ခြင်း ဖြစ်သည်ဟုလည်း ဒေါက် တာစိုးထွန်းက ပြောသည်။

ပဲဈေး

ပဲဈေးနှုန်းများမှာလည်း သင်္ကြန်မတိုင်ခင်ကဈေးထက် တစ်ပိဿာလျှင် ၅ ရာခိုင်နှုန်းအထိ မြင့်တက်နေကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းထုတ်လုပ်တင်ပို့သူများအသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။ ယခုနှစ်တွင် ပဲစိုက်ပျိုးမှုများ လျော့ကျပြီး ပဲဈေးများ ကောင်းမွန်နေသော်လည်း ဧပြီလအတွင်း ပဲအထွက်နှုန်း လျော့ကျမှုများကြောင့် ပဲဈေးများတက်လာခြင်း ဖြစ်ကြောင်း ဦးထွန်းလွင်က ဆက်လက် ပြောကြားသည်။

ငါးဈေး

ငါးဈေးများမှာ သင်္ကြန်မတိုင်ခင်အချိန် ကာလတွင်ဖြစ်ပေါ့်ခဲ့သည့် ဈေးနှုန်းများသို့ ပြန်လည် ကျဆင်းသွားခဲ့ ကြောင်း အင်း၊ အိုင်များသိမ်းသည့် အချိန်ဖြစ်ပြီး ငါးမဖမ်းရ ရာသီဖြစ်သောကြောင့် ယုခုလပိုင်းတွင် မွေးမြူ ရေးငါးများကိုသာ စားသုံးရမည်ဖြစ်ပြီး တော်သလင်း၊သီတင်းကျွတ်ရောက်မှသာ အင်းအိုင်ငါးများပြန်လည် စားသုံးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးဝင်းကြိုင် က ပြောသည်။ လက်ရှိတွင် ငါးကြင်းလက်လီ တစ်ပိဿာ ကျပ် ၆,၀၀၀ နှင့် တီလားဗီးယား တစ်ပိဿာ ကျပ် ၂,၅၀၀၊ ငါးခူတစ်ပိဿာကျပ် ၆,၀၀၀ ဈေးရှိကြောင်း ဦးဝင်းကြိုင်က ပြောသည်။

အမဲဈေး

ရန်ကုန်ဈေးကွက်တွင် အမဲသားဈေးများ မြင့်တက်နေပြီး လက်ရှိတွင် တစ်ပိဿာ ကျပ် ၉,၀၀၀ ဈေးရှိသည်ဟု မြောက်ဥက္ကလာပရှိ အမဲသား အရောင်းဆိုင်များက ပြောသည်။ အမဲသားဈေး မြင့်တက်နေခြင်းမှာ နယ် များတွင် အမဲလိုင်စင်များမရရှိ၍ တစ်နယ်နှင့်တစ်နယ် အမဲသားကုန်သွယ်မှု ပြုလုပ်နိုင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ဟင်္သာတမြို့ရှိ အမဲအရောင်းအ၀ယ်လုပ်သူ ကိုမြင့်ကြိုင်က ပြောသည်။

ငရုတ်ဈေး

ဧပြီလအတွင်း ငရုတ်ဈေးများမှာ တစ်ပိဿာလျှင် ကျပ် ၅၀ မှကျပ် ၁၀၀ အတွင်း အတက်အကျဖြစ်နေပြီး မကြာ ခင် ငရုတ်များ ထွက်ရှိလာတော့မည် ဖြစ်၍ ငရုတ်ဈေးများ ကျဆင်းမည်ဟု မျှော်လင့်ကြောင်း ရန်ကုန်မြို့ရှိ ငရုတ်ကုန်သည် ဦးသက်ခိုင်က ပြောသည်။

ကြက်၊ ၀က် ဈေး

ကြက်သားနှင့် ၀က်သားဈေးများလည်း မြင့်တက်လျက်ရှိပြီး လက်ရှိတွင် ကြက်သား တစ်ပိဿာကျပ် ၇,၀၀၀ ဈေးရှိပြီး ၀က်သားဈေးမှာ တစ်ပိဿာလျှင် ကျပ် ၈,၀၀၀ မှ ကျပ် ၉,၀၀၀ ရှိနေကြောင်း၊ ကုန်ဈေးနှုန်း တက်၍ အခြေခံ လူတန်းစားများမှာ အခက်အခဲများ ရှိနေကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်တွင် နေထိုင်သူ ဒေါ်အေးမြက ပြောသည်။

Mizzima Burmese