အခွန်တံဆိပ်မကပ်သည့် ပြည်ပထုတ် အရက်၊ ဘီယာနှင့် ဆေးလိပ်အချို့ ဖမ်းမိ

ပို့စ်တင်ချိန် - 5/19/2014 07:02:00 PM


ရန်ကုန်၊ မေ ၁၈

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဈေးကွက်တွင် ရောင်းချနေသည့် အရက်၊ ဘီယာနှင့် ဆေးလိပ်တို့တွင် အခွန်အမှတ် တံဆိပ်ကပ်နှိပ် ရောင်းချခြင်းရှိမရှိ လိုက်လံစစ်ဆေးရာမှ ပြည်ပထုတ် အရက်၊ ဘီယာနှင့် ဆေးလိပ်အချို့ကို ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

မေလ ၅ ရက်နေ့မှစတင်ကာ ဈေးကွက်အတွင်း လိုက်လံစစ်ဆေးခြင်း ဖြစ်ပြီး အရက်ပုလင်း အလုံး ၅၀ ကျော်၊ ဘီယာဖာ ၅၀ ကျော်နှင့် ဆေးလိပ်ဘူး ၃၀၀ ကျော် ဖမ်းဆီးရရှိခဲ့ကြောင်း အဆိုပါဌာနထံမှ သိရသည်။

“ပြည်တွင်းထုတ်တွေက အကုန်အမှတ်တံဆိပ် ကပ်ကြတယ်။ နိုင်ငံခြားထုတ်တွေပဲ မကပ်တာ” ဟု အဆိုပါဌာနမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

သက်ဆိုင်ရာမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံး၊ ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင် သာယာရေး ကော်မတီနှင့် ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ ပူးပေါင်း၍ လိုက်လံ စစ်ဆေးခြင်း ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနထံမှ သိရသည်။

The Voice Weekly