ကျန်ရှိ ဘင်္ဂါလီများအား လူမျိုးအမည် မဖြေကြား ပုံစံဖြင့် မေလတွင် သန်းခေါင်စာရင်း ကောက်မည်

ပို့စ်တင်ချိန် - 5/03/2014 09:55:00 AM


ရခိုင်ပြည်နယ်ရှိ သန်းခေါင်စာရင်း အကောက် မခံခဲ့သော ဘင်္ဂါလီများအား လူမျိုးအမည် မဖြေကြား ပုံစံဖြင့် ယခုလတွင် သန်းခေါင်စာရင်း အပြီး ကောက်ခံသွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ သတင်း ရရှိသည်။

““မေးခွန်း လေးဆယ် မေးမယ်။ ကိုးကွယ်သည့် ဘာသာ ဖြေကြားမယ်။ လူမျိုး အမည် ဖြေကြား ချင်တယ် ဆိုရင်လည်း ရိုဟင်ဂျာကို မှတ်တမ်းထဲ မထည့်ဘူး၊ မှတ်တမ်း မတင်ဘူး။ တခြား အမည် ဖြေလို့ရတယ်။ လူမျိုး အမည် မဖြေကြားလည်း ရတယ်”” ဟု လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်လင်း က The Messenger သတင်းစာသို့ပြောသည်။

ထိုကဲ့သို့ ကောက်ခံရာတွင် ကုတ်နံပါတ် (၉၁၄) ၌ အမည် မဖြေကြားဟူ၍ ကောက်ခံ သွားမည်ဖြစ်ပြီး၊ မေလ ပထမပတ်တွင် ပြန်လည် ကောက်ခံမည် ဖြစ်ကြောင်း လ.၀.က မှ သိရသည်။ ယင်းကဲ့သို့ ပြန်လည် ကောက်ခံခြင်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သန်းခေါင်စာရင်း ကောက်ယူမှု အောင်မြင် စေချင် သောကြောင့် ဖြစ်ကြောင်း သိရသည်။

သန်းခေါင်စာရင်း ကောက်ယူစဉ် ကာလက ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီများသည် လူမျိုးနေရာတွင် ရိုဟင်ဂျာဟု ဖြေကြားမှုများ ရှိသောကြောင့် သန်းခေါင်စာရင်း ကောက်ယူ၍ မရခဲ့ကြောင်း ကောက်ယူ သူများ ထံမှ သိရသည်။ ““အခုထိတော့ မသိသေးဘူး။ ကျွန်တော်တို့ ခေါင်းဆောင် တွေနဲ့ အစိုးရ တာဝန်ရှိ တဲ့သူတွေ ကောက်ယူဖို့ ညှိနေတယ်””ဟု စစ်တွေမြို့၊ အန်ဘာလာ ရပ်ကွက်မှ ဘင်္ဂါလီ အမျိုးသား တစ်ဦးက The Messenger သတင်းစာသို့ ပြောသည်။

ရခိုင်ပြည်နယ်တွင် ကုတ်နံပါတ် (၉၁၄) ၌ ရိုဟင်ဂျာဟု ထည့်သွင်း ကောက်ခံ မည်ဟု သတင်းများ ထွက်ပေါ် လာသောကြောင့် ရခိုင် တိုင်းရင်းသား များက ကန့်ကွက် ဆန္ဒထုတ် ဖော်ခဲ့ပြီးနောက်၊ ရိုဟင်ဂျာဟု ပြောဆိုပါက မကောက်ယူဘဲ ချန်ထား ခဲ့ခြင်း ဖြစ်သည်။

The Messenger