စပိန်သည်သာ ကမ္ဘာ့အကောင်းဆုံး အသင်းဟု ဒီဂီယာမှတ်ချက်ပြု

ပို့စ်တင်ချိန် - 5/28/2014 09:27:00 PM


စပိန်လက်ရွေးစင် အသင်းသည် ကမ္ဘာပေါ်တွင် အကောင်းဆုံး ဘောလုံးအသင်းဖြစ်ကြောင်း ဂိုးသမား ဒေးဗစ်ဒီဂီယာက မှတ်ချက်ပြု ပြောကြားလိုက်သည်။

၎င်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် ချန်ပီယံဆုကို ကာကွယ်မည့် စပိန်အသင်း၌ ပါဝင်ရွေးချယ်ခြင်း ခံထားရသည်။ ယခင်က စပိန်ပထမအသင်းကြီးအတွက် တစ်ကြိမ်မျှ ပွဲမထွက်ဖူးသေးသည့် ဂိုးသမားလေးသည် ဘာစီလိုနာ ဂိုးသမား ဗစ်တာဗဲလ်ဒက်စ် ဒဏ်ရာရနေချိန်၌ နည်းပြ ဗင်းဆင့်ဒယ်လ်ဘော့စကေး၏ ဆင့်ခေါ်မှုကို ခံယူခွင့် ရခဲ့သည်။ မန်ချက်စတာ ယူနိုက်တက်နှင့်အတူ ပြီးခဲ့သည့် ရာသီက လက်စွမ်းပြခဲ့သည့် ဒီဂီယာက လက်ရှိ ကမ္ဘာ့အဆင့်(၁) နေရာတွင် ရပ်တည်နေသည့် စပိန်သည် အမှန်တကယ်လည်း ကမ္ဘာ့အကောင်းဆုံး အသင်းဖြစ်ကြောင်း ကြွေးကြော်ခဲ့သည်။

“လက်ရွေးစင် အသင်းက ကစားသမား တော်တော်များများဟာ ကလပ်အသင်း အဆင့်မှာ ပြီးခဲ့တဲ့ ရာသီက အခက်အခဲတွေ တော်တော်ကြုံခဲ့ပါတယ်။ ဒါပေမဲ့ စပိန်အသင်း အနေနဲ့ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံးအဖြစ် ရှိနေဆဲပါပဲ။ ကမ္ဘာ့ဖလားမှာလည်း ကျွန်တော်တို့ ဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်”ဟု ဒီဂီယာက ဆိုသည်။ ၎င်းက “အသက်(၂၁)နှစ်အောက် စပိန်လက်ရွေးစင် အသင်းမှာ နှစ်တော်တော်များများ ကစားခဲ့ပြီးမှ လက်ရွေးစင် အသင်းကြီးဆီ ရောက်လာတဲ့အတွက် ကျွန်တော် တကယ်ပဲ ပျော်ရွှင်မိပါတယ်။ အသင်းအတွက် ပွဲတချို့ ကစားခွင့်ရပြီး အကောင်းဆုံး စွမ်းဆောင်နိုင်အောင် ကြိုးစားသွားမှာပါ”ဟုလည်း ပြောကြားခဲ့သည်။

စပိန်သည် ကမ္ဘာ့ဖလား ပြိုင်ပွဲအတွက် ပမာဏ လူ(၃၀)စာရင်းကို ရွေးချယ်ထားပြီ ဖြစ်သော်လည်း ဂိုးသမားနေရာတွင် အသက်(၂၃)နှစ်အရွယ် ဒီဂီယာနှင့် ရီးယဲလ်မက်ဒရစ်မှ အိုင်ကာကားဆီးလက်စ်၊ နာပိုလီမှ ပီပီရေနာတို့ (၃)ဦးသာ ပါဝင်နေသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် (၂၃)ဦး စာရင်းတွင် ဂိုးသမား(၃)ဦး မဖြစ်မနေ ပါဝင်ရန် သတ်မှတ်ထားရာ ၎င်းတို့(၃)ဦးသည် သေချာပေါက် ရွေးချယ်ခံထားရသည့် သဘောလည်း သက်ရောက်လာခဲ့သည်။ ဒီဂီယာက ဒဏ်ရြာော့င့် ကမ္ဘာ့ဖလားနှင့် လွဲခဲ့ရသည့် ဗဲလ်ဒက်စ်အတွက် စာနာမိကြောင်းလည်း ဆိုသည်။

“ကျွန်တော် ဗဲလ်ဒက်စ်နဲ့တော့ စကားမပြောဖြစ်သေးဘူး။ ဒါပေမဲ့ ခုလိုမျိုး သူဒဏ်ရာ ရသွားတယ်ဆိုတာ တကယ့်ကို စိတ်ပျက်စရာပါပဲ။ သူမြန်မြန် သက်သာလာပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်”ဟုလည်း ဒီဂီယာက ပြောဆိုသွားသည်။

Ref: goal
soccer myanmar