တပ်မတော်မှ နုတ်ထွက်ခွင့်ပြုရန် မိဘများက မြန်မာသံတော်ဆင့်မှတစ်ဆင့် တောင်းဆိုမိ၍ သားဖြစ်သူ ဖမ်းဆီးခံရ

ပို့စ်တင်ချိန် - 5/09/2014 04:04:00 PM

ဖမ်းဆီးခံထားရသော တပ်ကြပ်ကြီးသန်းထိုက်အောင်၏ မိခင် ဒေါ်နွယ်နွယ်ဝင်း

ရန်ကုန်၊ မေ ၂

နေပြည်တော် အခြေစိုက်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ရေ) လေ့ကျင့်ရေး ဌာနစု၌ တာဝန် ထမ်းဆောင်နေသော သားဖြစ်သူအား မိခင်၊ ဖခင်တို့က အသက်အရွယ်အရ ကျန်းမာရေး အခက်အခဲနှင့် စီးပွားရေး အခက်အခဲ တို့ကြောင့် ဌာနမှ နုတ်ထွက်ခွင့်ပြုပါရန် မြန်မာသံတော်ဆင့် သတင်းဂျာနယ်မှတစ်ဆင့် တောင်းဆိုမိသဖြင့် သားဖြစ်သူ တပ်ကြပ်ကြီး သိန်းထိုက်အောင် ဖမ်းဆီးချုပ်နှောင် ခံရကြောင်း မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဌေးက မေ ၂ ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြောသည်။

မြန်မာသံတော်ဆင့် သတင်းဂျာနယ် မှတစ်ဆင့် ဧပြီ ၅ ရက် ထုတ် အတွဲ (၃)၊ အမှတ်(၄)တွင် ““တပ်မတော်မှ သားဖြစ်သူ နုတ်ထွက်ခွင့်ရရန် မိခင်ဖခင်တို့က တောင်းဆို”” ခေါင်းစဉ်ဖြင့် ပေးစာကဏ္ဍ၌ ဖော်ပြခဲ့ရာ ဧပြီ ၇ ရက်တွင် မိခင်ဖြစ်သူအား ဒုတိယဗိုလ်မှူးကြီး ဆိုသူက မြန်မာသံတော်ဆင့်၌ ထည့်သွင်းသော သတင်းသည် မည်သူ ထည့်သွင်းသည်ကို သိလိုကြောင်း လာရောက် မေးမြန်းခဲ့သည်ဟုလည်း မိခင်ဖြစ်သူထံမှ သိရသည်။

““ဧပြီ ၂၃ ကစပြီး အဆက်အသွယ် မရတော့ဘူး။ နေပြည်တော် သူ့ရဲ့တပ်ကို ဆက်တော့လည်း ရန်ကုန်တပ်ကို ပြောင်းသွားပြီတဲ့။ ရန်ကုန်တပ်ကို ဆက်တော့လည်း အမြဲအပြင် သွားနေတယ်ပဲ ဖြေတယ်။ သူ့ဖုန်းကလည်း ပိတ်ထားတယ်။ ၂၈ ရက်ကမှ ရန်ကုန် ရောက်လာပြီး စုံစမ်းတာ။ သူ့သူငယ်ချင်းနဲ့ တွေ့တော့ ရေတပ်ပင်မ ပစ္စည်းထိန်းတပ်မှာဆိုလို့ လိုက်သွားတော့ ဖမ်းခံထားရတယ်။ ခြေချင်းတွေလည်း ခတ်ခံထားရတယ်””ဟု မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဌေး က မြန်မာသံတော်ဆင့် သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးထားသော နေရာတွင် အခြားချုပ်နှောင် ထားသူများအား ပြစ်မှုနှင့်တကွ ကျောက်သင်ပုန်း၌ ရေးသားဖော်ပြ ထားသော်လည်း ၎င်း၏သားဖြစ်သူအား ပြစ်မှုမရေးထားကြောင်းနှင့် သားဖြစ်သူကိုလည်း ဌာနမှ ဂျာနယ်များကို ““သိလို့ ၀ယ်ဖတ်တာလား၊ ဒီအတိုင်း ၀ယ်ဖတ်တာလား””ဟု မေးမြန်းခဲ့ကြောင်း သားဖြစ်သူနှင့် တွေ့ဆုံခွင့်ရခဲ့သူ မိခင်ဖြစ်သူ ဒေါ်နွယ်နွယ်ဝင်းက ထပ်မံပြောကြားခဲ့သည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ သန်လျင်မြို့နယ်၊ ကျိုက်ခေါက်ဘုရားအနီးရှိ ရေတပ်ပင်မ ပစ္စည်းထိန်းတပ်ထံသို့ မြန်မာသံတော်ဆင့် သတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းတို့ဌာန၌ သိန်းထိုက်အောင် ဆိုသောအမည် မရှိကြောင်းသာ ပြန်လည်ဖြေကြားခဲ့သည်။

ယခုဖမ်းဆီး ချုပ်နှောင်ခံထားရသော သားဖြစ်သူ တပ်ကြပ်ကြီး သိန်းထိုက်အောင်သည် သားသမီး သုံးဦးအနက် အကြီးဆုံးဖြစ်ပြီး စစ်မှုထမ်းသက် ၁၀ နှစ်ကြာပြီးနောက် ၂၀၁၂ ခုနှစ်၊ ၃ လပိုင်းတွင် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ရေ)သို့ တပ်မတော်မှ နုတ်ထွက်ခွင့် ပြုပါရန် ပန်ကြားခဲ့ပြီး အမှန်တကယ် ထွက်လိုခြင်း ရှိ/မရှိ မေးရာတွင်လည်း အမှန်တကယ် ထွက်လိုကြောင်း ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလက စာဖြင့်တင်ပြခဲ့ပြီး ဖြစ်သည်။

ဝိုင်းမော်