မအူပင်တွင် ၉၉ရာခိုင်နှုန်း ဖွဲ့စည်းပုံပြင်ရန် ဆန္ဒပြု

ပို့စ်တင်ချိန် - 5/10/2014 02:59:00 PM


စည်သူမောင်မောင်

မအူပင်၊ မဇ္ဈိမ။ ။ ဧရာဝတီတိုင်း မအူပင်မြို့နယ်တွင် ၂၀၀၈ဖွဲ့စည်းပုံအခြေခံပြင်ဆင်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၀ရက်တွင် စည်းရုံးဟောပြောခဲ့ပြီး တက်ရောက်သူ တစ်သိန်းနီးပါးအနက် ၉၉ရာခိုင်နှုန်းက ပြင်ဆင်ရန် ဆန္ဒပြုခဲ့ကြသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဟောပြောပွဲသို့ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်အသီးသီးမှ ကားအစီး ၈၀၀ကျော်ဖြင့် လာရောက်ခဲ့ကြသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်သူများထဲမှ ပရိတ်သတ် ၈ဦးကို မေးခွင့်ပြုခဲ့ရာ "ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်နိုင်ပါက မည်သို့ ဆက်လုပ်မည်နည်း"ဟု မေးမြန်းခဲ့သည်ကို ဒေါ်အောင်ဆန်းစုကြည်က "ကျွန်မတို့ဟာ ကျွန်မတို့ ဖြစ်စေချင်တဲ့ကိစ္စကို ဝီရိယရှိရှိနဲ့ စိတ်ဓာတ်မှန်မှန်ကန်ကန်နဲ့ ပညာပါပါ လုပ်သွားလို့ရှိရင် မအောင်မြင်စရာအကြောင်း ဘာမှမရှိဘူး"ဟု
ပြန်လည်ဖြေကြားခဲ့သည်။

ဟောပြောပွဲကို မအူပင်မြို့ မအူပင်-ပုသိမ်ကားလမ်းဘေးရှိ မအူပင်တက္ကသိုလ်ဘေး အိုင်ဝိုင်ဘောလုံးကွင်းတွင် နံနက် ၉နာရီခွဲခန့်မှ စတင်ခဲ့ပြီး နံနက် ၁၀နာရီ ၄၀ခန့်တွင် ပြီးစီးခဲ့သည်။

ဟောပြောပွဲ မပြုလုပ်မီ တစ်ရက်တွင် မအူပင်မြို့၌ မိုးရွာသဖြင့် ဟောပြောပွဲပြုလုပ်ချိန်အတွင်း မိုးမရွာစေရန် မိုးတားဆုတောင်းခြင်းများကို မအူပင်ဒေသခံများက ပြုလုပ်ခဲ့ကြသည်။

Mizzima Burmese