နစ်မြုပ်သွားသည့် တောင်ကိုရီးယား ကူးတို့သင်္ဘောမှ ကပ္ပတိန်ကို လူသတ်မှုဖြင့် စတင်စွဲချက်တင်

ပို့စ်တင်ချိန် - 5/16/2014 02:03:00 AM


တောင်ကိုရီးယားနိုင်ငံတွင် နစ်မြုပ်ခဲ့သော ကူးတို့ယာဉ်၏ ရေယာဉ်မှူးကို လူသတ်မှုဖြင့် စတင်၍ စွဲချက်တင်လိုက်ပြီဖြစ်သည်။
သင်္ဘောကပ္ပတိန်အပြင် ရေယာဉ်၏ အခြားသော အဆင့်မြင့်အရာရှိ ၃ ဦးကိုပါ အလားတူစွဲချက်တင်ခဲ့ကြောင်း သိရှိရသည်။ ဧပြီလ ၁၄ ရက်နေ့က Sewol သင်္ဘောနစ်မြုပ်မှုတွင် ကျောင်းသူကျောင်းသားအများစု အပါအဝင် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့သည့်ဖြစ်ရပ်တွင် သင်္ဘောကပ္ပတိန်နှင့် အရာရှိများ၏ ပေါ့လျော့မှု၊ တာဝန် မကျေမှုများအပေါ် တောင်ကိုရီးယားတစ်နိုင်ငံလုံးက ပြင်းပြင်းထန်ထန် ဒေါသထွက် နေကြသည်။ ကြာသပတေးနေ့တွင်မူ သင်္ဘောကပ္ပတိန် လီဂျွန်ဆက်ခ်အပြင် အင်ဂျင်နီယာချုပ်၊ ပထမအရာရှိနှင့် ဒုတိယအရာရှိတို့အား လူသတ်မှုဖြင့် တရားစွဲ ဆိုခဲ့သည်။

၆၈၂၅ တန်ဆံ့ သင်္ဘောကြီးသည် သတ်မှတ်ပမာဏထက် ပိုလွန်ပြီး အလွန်များပြားသည့် ကုန်စည်များ သယ်ဆောင်ခုတ်မောင်းရင်း နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။ စစ်ဆေးမှုများအရ ယခုအရာရှိ ၄ ဦးတို့သည် သင်္ဘောကိုယ်ထည်ထဲတွင် ရာနှင့်ချီ ပိတ်မိကျန်နေသည့် ခရီးသည်များကို ကယ်ဆယ်ရွှေ့ပြောင်းပေးရန် မကြိုးစားဘဲ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့ကြောင်း ပေါ်ပေါက်လာခဲ့သည်။ လူပေါင်း ၄၇၆ ဦး လိုက်ပါခဲ့သော သင်္ဘောပေါ်တွင် ၂၈၁ ဦးသေဆုံးကြောင်း အတည်ပြုနိုင်သော်လည်း ၂၃ ဦး သည် အလောင်းရှာမရဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်။ သေဆုံးသူ အများစုသည် ကျောင်း၏အစီအစဉ်နှင့် ခရီးထွက်လာသည့် ဆယ်ကျော်သက် ကျောင်းသူကျောင်း သားလေးများ ဖြစ်ကြသည်။

အကယ်၍ လီနှင့် အခြားအရာရှိ ၃ ဦးတွင် စွဲချက်အတွက် ပြစ်မှုထင်ရှားကြောင်း ဖော်ထုတ်တွေ့ရှိပါက ထောင်ဒဏ်တစ်သက်ထိ ပြစ်ဒဏ်ကျခံရဖွယ်ရှိနေကြောင်း ယွန်ဟပ်သတင်းဌာနက ဖော်ပြခဲ့သည်။ သင်္ဘောကို ကွပ်ကဲသည့် chonghaejin Marine ကုမ္ပဏီ၏ပိုင်ရှင်ဖြစ်သူ ယူဗြောင်အွန်းကိုလည်း သောကြာနေ့တွင် စစ်ဆေး မှုများ ပြုလုပ်မည်ဖြစ်သည်။ ၎င်းသည် တောင်ကိုရီးယားပြည်သူများ၏အမျက်ဒေါသကြောင့် သားသမီး ၄ ဦးနှင့်အတူပုန်းရှောင်နေရသည်။ ယူ၏ သားသမီးအနက် ၂ ဦး
သည် မက္ကစီကိုသို့ တိမ်းရှောင်လွတ်မြောက်သွားကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။

အသက် ၄၄ နှစ်ရှိ အကြီးဆုံးသား ယူဒေဂျန်မှာမူ တရားရုံး ဆင့်ခေါ်စာများကိုနှစ်ကြိမ်တိုင် အကြောင်းမပြန်သည့်နောက် ရဲတပ်ဖွဲ့က ၎င်းကိုဖမ်းဆီးရန် လိုက်လံ ရှာဖွေလျှက်ရှိသည်။ ချိုဆန်အီဘိုလ်သတင်းစာက ယူမိသားစုသည် တောင်ကိုရီးယားကို စွန့်ခွာထွက်ပြေးရန် အစွမ်းကုန်ကြိုးစားနေကြောင်း စွပ်စွဲဖော်ပြခဲ့သည်။ “ကျွန်တော်တို့ဟာ ဆိုးရွားတဲ့ ရာဇဝတ်သားတစ်ယောက်နဲ့ စကားပြောမှာ မဟုတ်ပါဘူး။ ဘာသာရေးခေါင်းဆောင်တစ်ယောက်ရဲ့သား၊ လူတကာ အသိအမှတ်ပြုရတဲ့ အနုပညာသမားတစ်ယောက်၊ စီးပွားရေးလုပ်ငန်းကြီး တော်တော်များများရဲ့ အဓိကရှယ်ယာရှင်အဖြစ်ပဲ သူနဲ့စကားပြောမှာပါ” ဟု အစိုးရရှေ့နေတစ်ဦးက ဆိုသည်။ ဆင့်ခေါ်စာထုတ်ထားခြင်းမှာ မေးမြန်းစုံစမ်းရန် သက်သက်ဖြစ်သော်လည်း ၎င်းက တိမ်းရှောင်သွားခြင်းဟုလည်း အဆိုပါရှေ့နေက ပြောကြားသွားခဲ့သည်။

Planet Myanmar Network