မသာအိမ် မီးကွင်းပစ်သလို မလုပ်နဲ့၊ နိုင်ငံရေး လုပ်ချင်ရင် တပ်က ထွက်

ပို့စ်တင်ချိန် - 5/20/2014 06:26:00 AM


မသာအိမ် မီးကွင်းပစ်သလို မလုပ်နဲ့၊ နိုင်ငံရေး လုပ်ချင်ရင် တပ်က ထွက်
မင်းကိုနိုင်၊ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းများ ကောက်နုတ်ချက်
ဟန်သစ်နိုင်၊ မေ ၂၀၊ ၂၀၁၄

မေ ၁၇ရက် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစာကွင်း။

အာဏာရှင်တွေအတွက် ရေးပေးခဲ့တဲ့အခြေခံဥပဒေတွေ … လို့ မင်းကိုနိုင်ပြော

ကိုမင်းကိုနိုင်က တတ်ရောက်လာသောလူထုကြီးကို အမိန့်ကြောင့်လား၊ ခြိမ်းခြောက်ခြင်းကြောင့် တက်ရောက် နားထောင်အားပေးတာလားဆိုတဲ့ မေးခွန်းဖြင့်အစဖွင့်ခဲ့သည်။

    စစ်အာဏာရှင်တို့၏ အမွေဆိုးကို ပြည်သူတွေထောက်ခံရခြင်းသည် ပြည်သူတွေသန်းပေါင်းများစွာ အသက်ပေးခဲ့ရသော နာဂစ်အချိန်ကာလတွင် အခြေခံဥပဒေကိုအတည်ပြုခဲ့ရခြင်းကြောင့်ဖြစ်ကြောင်း၊ ဥပဒေကိုပြည်သူတွေ မရွတ်တတ်ပေမယ့် “နားဖားကြိုးထိုးထားတယ်၊ ကျွန်ပြုထားတယ်” ဆိုတာကို ပြည်သူအားလုံး သိရှိနားလည်ထားကြောင်း၊ ပြည်သူလူထုပိုင်တဲ့ သာယံဇာတတွေ၊ မမွေးသေးသည့် ကလေးတွေပိုင်တဲ့ သာယံဇာတပစ္စည်းများကို ကြောက်လို့ပဲပဲဖြစ်၊ အခွင့်ရေးကြောင့်ပဲဖြစ်ဖြစ် ဈေးပေါပေါနှင့် ရောင်းစားခဲ့သူများသည်လည်း ယခု ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ကြောင်း၊ ကမ္ဘာတွင် ကြည်း၊ ရေ၊ လေ အင်အားအကောင်းဆုံးဖြစ်သော အမေရိကန်နိုင်ငံတွင် တပ်အားလုံးကိုချုပ်တဲ့ စစ်သေနာပတိချုပ်သည် သမ္မတဖြစ်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ်ဆိုပြီး ဗိုလ်ချုပ်မှူးကြီး ရာထူးကို မထားပဲ အရပ်သားကသာ ကာကွယ်ရေးဦးစီးချုပ်ဖြစ်ကြောင်း ပြောသည်။

     “ ပြည်သူလူထု ပူဆွေးသောကရောက်တဲ့အချိန် သူတို့ဟာပြည်သူတရပ်လုံးကို ရာသက်ပန် ကမ္ဘာတည်သရွေ့ ဖိနှိပ်ချုပ်ချယ် အခွင့်ထူးခံဖို့ ရေးဆွဲထားတဲ့ဥပဒေကို ပြဌာန်းတာဟာ အသုဘအိမ်ကို မီးကွင်းပစ်တာနဲ့အတူတူပါပဲ” ဟုပြောသည်။

         “နိုင်ငံရေးလုပ်ချင်ရင် စစ်ထဲမှထွက်” ဟု ဒေါ်အောင်ဆန်းစုကြည်ပြော …

         ဒေါ်အောင်ဆန်းစုကြည်က … နိုင်ငံရဲ့အနာဂတ်တည်ဆောက်ရာတွင် ပြည်သူတရပ်လုံးက ကိုယ်လိုချင်တဲ့နိုင်ငံမျိုးကို ကိုယ်လုပ်ယူရမည်ဖြစ်ပြီး၊ ဘယ်အဖွဲ့စည်း ဘယ်ပုဂ္ဂိုလ်ကိုမှလည်း အားကိုးလို့မရနိုင်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရာတွင်လည်း တရားဥပဒေဘောင်အတွင်း၊ လွှတ်တော်အတွင်းမှ ပြင်ဆင်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု မရှိလျှင် နိုင်ငံမှာနေထိုင်သည့် ပြည်သူများဟာလည်း လုံခြုံနိုင်မည် မဟုတ်ကြောင်း၊ နိုင်ငံရေးတွေလုပ်ဆောင်ရာတွင်လည်း အောက်တန်းကျသည့်နိုင်ငံရေးတွေရှိနေသည့်အတွက် အဆင့်မြင့်မြင့် နိုင်ငံရေးလုပ်ဆောင်နိုင်တဲ့ နိုင်ငံတစ်ခု ဖြစ်စေချင်ကြောင်း၊ ဒီမိုကရေစီရရှိရေးအတွက် လုပ်ဆောင်ခဲ့ရာတွင်လည်း နှစ် ၃၀ နီးပါးရှိခဲ့သော်လည်း ယခုအချိန်အထိ ဒီမိုကရေစီ မရရှိသေးကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါသည့် (၄၃၆)သည် တပ်မတော်သားများအတွက်သာ အထူးအခွင့်အရေးထားသည့် ပုဒ်မဖြစ်ကြောင်း၊ (၄၃၆)ကို ပြင်ဆင်ခြင်းအားဖြင့် မြန်မာနိုင်ငံဟာဘယ်လောက်တိုးတတ်နိုင်မလဲဆိုတာ အဓိကတပ်မတော်သားတွေ စဉ်းစားစေချင်ကြောင်းပြောသည်။

    “ နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ရေးဆွဲရာတွင် အခြေခံဟာခိုင်မာမှ အခြေခံဟာမှန်ကန်မှ ကိုယ်နိုင်ငံဟာလည်းခိုင်မာပြီး မှန်မှန်ကန်ကန်နဲ့ ရပ်တည်နိုင်မည်” ဟုပြောသည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်ပြီး လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့စည်းတို့  ပူးပေါင်းပြီး ၂၇ရက် မေလမှစတင်ကာ တစ်အိမ်တက်ဆင်းကောက်ခံမည်ဖြစ်သည်။

MoeMaKa Burmese