ယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်ပေးနိုင်သောစနစ် အဝေးပြေး ယာဉ်များတွင် တပ်ဆင်မည်

ပို့စ်တင်ချိန် - 5/22/2014 04:30:00 PM


အဝေးပြေး အမြန်လမ်းမကြီးများပေါ်တွင် အကြောင်းအမျိုးမျိုးကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပေါ်ကာ လူအများအပြား သေဆုံးမှုများ ဖြစ်ပေါ်လျက် ရှိရာ အဝေးပြေး ယာဉ်လိုင်းအချို့သည် ဂြိုဟ်တုနှင့် ချိတ်ဆက်ကာ အဝေးပြေးယာဉ်နှင့် ယာဉ်မောင်းကို ထိန်းချုပ်၊ ညွှန်ကြားပေးနိုင်သော B-smart GPRS network system အသုံးပြုရန် စီစဉ်လျက်ရှိကြောင်း JJ express အဝေးပြေးယာဉ်လိုင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ ကားတွေမှာတော့ မိုင်နှုန်း စစ်ဆေးတဲ့ စက်တွေ တပ်ဆင်ထားပြီးတော့ အထူးကားတွေ ပေါ်မှာတော့ Skynet ရုပ်သံလိုင်း တပ်ဆင် အသုံးပြုထားပါတယ်။ ဒီ GRPS network တပ်ဆင် အသုံးပြုဖို့ကတော့ အထက်လူကြီးတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ B-smart GPRS Network System သည် ဂြိုဟ်တုနှင့် ယင်းတပ်ဆင် အသုံးပြုထားသော အဝေးပြေးယာဉ်ကို တိုက်ရိုက်ချိတ်ဆက် အလုပ်လုပ်ဆောင်ခြင်း ဖြစ်ပြီး အဝေးပြေးယာဉ် တစ်စီးလုံးကို ထိန်းချုပ်နိုင်ကာ၊ ယာဉ်မောင်းနှင်သူ၏ မောင်းနှင်နေသည့် အနေအထား၊ အမြန်နှုန်း၊ ဘရိတ် အသုံးပြုပုံနှင့် အခြား အချက်အလက် များစွာကို ၅ စက္ကန့်လျှင် တစ်ကြိမ်မျှ စစ်ဆေးနိုင်ကြောင်း၊ ယင်းအပြင် လိုအပ်သည့် အရာများကိုလည်း ဖုန်းလိုင်းမလိုဘဲ B-smart စက်မှတစ်ဆင့် တိုက်ရိုက် ညွန်ကြားနိုင်ကြောင်း B-smart GPRS network system ကို စတင်တပ်ဆင် စမ်းသပ် အသုံးပြုနေသော အကယ်ဒမီယာဉ်လိုင်း လုပ်ငန်းရှင် ဦးတူးက ပြောကြားသည်။

“တပ်ဆင်ထားတဲ့ကား စပြီး စက်နှိုးလိုက်တဲ့ အချိန်က စပြီးတော့ ခရီးဆုံး ကားစက်ပိတ်လိုက်တဲ့ အချိန်အထိ ကားတစ်စီးလုံးရဲ့ Data အားလုံးကို စက္ကန့်ပိုင်းအတွင်း Google earth ကနေ အချက်အလက် အားလုံးကို သိရှိနိုင်တယ်။ လိုအပ်တဲ့ သတိပေးချက်၊ ညွန်ကြားချက်ကိုလည်း ဖုန်းလိုင်း ပြတ်တောက်တဲ့ နေရာဖြစ်ပါစေ မောင်းနှင်နေသူကို ဒီတပ်ဆင်ထားတဲ့ B-smart စက်ကနေ ဆက်သွယ်လို့ ရတယ်” ဟု ၎င်းက ထပ်မံ ပြောကြားသည်။

ယင်းနည်းပညာကို အခြားယာဉ်လိုင်းများ တပ်ဆင်အသုံးပြုသည်နှင့် မိမိတို့ ယာဉ်လိုင်းရှိ အဝေးပြေး ယာဉ်အားလုံးကိုလည်း တပ်ဆင် အသုံးပြုသွားရန် စီစဉ်လျက် ရှိကြောင်း၊ ယခု ပြေးဆွဲလျက် ရှိသော ယာဉ်များမှာ အထူးအဆင့်မြင့် ကားများဖြစ်ပြီး၊ ယာဉ်မောင်းများမှာလည်း ကျွမ်းကျင် ယာဉ်မောင်းများ ဖြစ်သောကြောင့် ခရီးသည်များကို လုံခြုံစိတ်ချမှု အကောင်းဆုံး ပေးနိုင်ကြောင်း အဝေးပြေးယာဉ်လိုင်းများ တည်ထောင်ထားသည့် GI group တာဝန်ခံ ဦးဇော်မင်းဌေးက ပြောကြားသည်။

“ဒီလိုစနစ်ကို ကားလိုင်းအားလုံး တပ်ဆင်အသုံးပြုဖို့ ကောင်းတယ်။ ဒီစနစ်က ဖုန်းလိုင်း မရရင်တောင်မှ သူတို့ System အရ ကားသမားကို သူတို့ စက်ကနေ အချက်ပေးတာတို့၊ ညွန်ကြားတာတို့ကို လုပ်ဆောင်ပေးလို့ ရတယ်။ ည ၁ နာရီ ကျော်တာနဲ့ ကားမောင်းတဲ့သူကို အချက်ပေး Alarm အသံပေးတာကိုလည်း ဒီကားစီးရင်း ကြားခဲ့ရတယ်” ဟု အကယ်ဒမီ ယာဉ်လိုင်းမှ GRPS network တပ်ဆင်ထားသော ကားတစ်စီးနှင့် မန္တလေးမှ ရန်ကုန်သို့ ခရီးသွားခဲ့သူ မန္တလေး ကွန်ပျူတာပညာရှင်အသင်း တွဲဖက်အတွင်းရေးမှူး ဦးနေဝင်းအောင်က ပြောဆိုသည်။

ယင်းအပြင် ယာဉ်မတော်ဆမှုများ မဖြစ်ပေါ်စေရန် ယာဉ်မောင်းများကို သင်တန်းပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ အဝေးပြေး ခရီးသည် ပို့ဆောင်ရေးအသင်း ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဦးက ပြောကြားသည်။

လမ်းအရှည် ၃၆၆ မိုင်ခန့် ရှည်လျားသော ရန်ကုန်-နေပြည်တော်-မန္တလေး အမြန်လမ်းမကြီးပေါ်တွင် ယာဉ်မတော်ဆမှုကြောင့် တစ်မိုင် တစ်ဦးနှုန်း သေဆုံးမှု ရှိနေသည့်အတွက် ယခုအခါ လမ်းချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။

The Voice Weekly