ကျောက်မီးသွေးစမ်းသပ်ရှာဖွေနေသည့် တရုတ်လူမျိုးများ နေရပ်သို့ပြန်နှင်

ပို့စ်တင်ချိန် - 5/15/2014 08:14:00 PM



သတင်း + ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊ မေ ၁၅
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်၊ ပလူစ၀ကျေးရွာ ၊ ပလူစ၀ချောင်းဆုံအနီးရှိ ကျောက်မီးသွေး စမ်းသပ်တူးဖော်လျက်ရှိသော တရုတ်နိုင်ငံသား(၂၀)ဦးအား မေလ ၁၄ ရက်နေ့တွင် နောက်ဆုံးထား၍ နေရပ်သို့ပြန်လည်ထွက်ခွားသွားရန် ကလေးဝမြို့နယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ အကြောင်းကြားခဲ့သည်ဟု



ကိုးကန့် ရွှေနဂါး သတ္တုစမ်းသပ်တူးဖော်ရေးကုမ္မဏီ၏ တရုတ်စကားပြန် ကျန်တာချန်း(ခ) ကိုကျော်ထွေး မှ ပြောပြသည်။
“ ကလေးဝ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ဒီလ ၁၂ ရက်နေ့မှာ အကြောင်းကြားခဲ့တာပါ..။ နိုင်ငံခြားသား အလုပ်သမား ခေါ်ယူလုပ်ကိုင်ခွင့် ပါမစ်ခွင့်ပြုမိန့် မရခင်ကြားကာလမှာ နေရပ်ကို ခေတ္တပြန်နေပေးဖို့ဖြစ်ပါ တယ်..” ဟု ကျန်တာချန်း(ခ) ကိုကျော်ထွေးမှ ဆက်လက်၍ ပြောပြသည်။
ထို့ကြောင့် ကျောက်မီးသွေးစမ်းသပ်တူးဖော်လျက်ရှိသော ကိုးကန့်နဂါး ကုမ္မဏီမှ တရုတ်နိုင်ငံသား(၂၀)ဦး၊ စကားပြန်(၃)ဦး၊ မြန်မာအမျိုးသမီး(၁)ဦးတို့သည် မေလ ၁၄ ရက်နေ့ မွန်းလွဲ(၁)နာရီခန့်က ကလေးဝ မြစ် သာမြစ်ကြိုးတံတားအား ဖြတ်သန်းကာ မုံရွာ - ယာကြီး - ကလေးဝ ကားလမ်းအတိုင်း ကားလေးစီးဖြင့် နေ ရပ်များသို့ပြန်ရန် မန္တလေးမြို့ဘက်သို့ ထွက်ခွာလာခဲ့ခြင်းဖြစ်သည်။
“ တရုတ်လူမျိုးတွေ ကားလေးစီးနဲ့ မုံရွာမြို့ဘက်ကို မောင်းနှင်းလာခဲ့တယ်လို့ သတင်းရတဲ့အတွက် ချင်း တွင်းမြစ်ကူးတံတားထိပ်မှာရှိတဲ့ တန်ပိုဂိတ်ကနေ စစ်ဆေးမေးမြန်းခဲ့ပါတယ်..။ နေရပ်ပြန်ဖို့ထွက်ခွာလာခဲ့ ကြတဲ့ ကျောက်မီးသွေး ကုမ္မဏီဝန်ထမ်း တရုတ်(၂၀)ဦးဖြစ်ပါတယ်..” မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှူး ကြူအင်းမှ ပြောပြသည်။
အဆိုပါ တရုတ်လူမျိုးများ စီးနင်းလာသည့်ကားလေးစီးအနက် ယာဉ်အမှတ် ၂စ/ ၄၀၅၀ (လင့်ခရုစာ) အဖြူ ရောင်ကားတစ်စီးနှင့် ၃က/ ၁၈၅၉ (ဟိုင်းလပ် ဖိုးဝှီး) အဖြူရောင်ကားတို့မှာ မုံရွာမြို့ ချင်းတွင်းမြစ်ကူးတံ တား မေလ ၁၄ ရက်နေ့ ည (၈)နာရီအချိန်တွင်ဖြတ်သန်းခဲ့ပြီး ကျန်ကားနှစ်စီးမှာ ယင်းမာပင်မြို့နယ်၊ မြို့မ ရဲစခန်းတွင် စစ်ဆေးခံလျက်ရှိကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်က စစ်ကိုင်းတိုင်း တမူးမြို့၊ (၃)မိုင် မြို့ဝင်စစ်ဆေးရေး ဂိတ်တွင် တရားမ၀င် ၀င်ရောက်လာသည့် တရုတ်နိုင်ငံသား(၈)ဦးထံမှ M-21 သေနတ်တစ်လက်၊ M- 81 ဒသမ 1 စာတမ်းပါ သေနတ်(၇)လက်၊ (၇ ဒသမ ၆၂) ကျည်အိမ်(၃၈)ခု၊ ကျည်အိမ်များအတွင်း ကျည်ဖြည့်ပြီးအတောင့်ရေ(၉၂၀)တောင့်၊ ကျော်ပိုး အိတ်ဖြင့်ထည့်ထားသည့် (၇ ဒသမ ၆၂) အခြားကျည် (၉၄၀)တောင့်၊ တရုတ်နိုင်ငံလုပ် လက်ပစ်ဗုံး(၃၁) လုံး၊ ဆက်သွယ်ရေး စကားပြောစက်(၅)လုံး၊ အားသွင်းခုံ(၈)ခု၊ တရုတ်ဘာသာဖြင့်ရေးသားထားသော မြန် မာနိုင်ငံမြေပုံ(၁)ခု၊ ဦးသိန်းအောင်အမည်ပါ ယာဉ်မောင်းလိုင်စင်တစ်ခု၊ စစ်သုံးအဝေးကြည့်မှန်ပြောင်း(၁)ခု၊ ဓားမြှောင်(၃)ချောင်း၊ အီကွန်းမင့်(၈)ခု၊ လက်ကိုင်ဖုန်း(၄)လုံး၊ အပိုဘက္ထရီ(၇)ခုတို့အား သက်ဆိုင်ရာမှ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် ဖြစ်စဉ်တစ်ရပ် ပေါ်ပေါက်ခဲ့သေးကြောင်း သတင်းမှတ်တမ်းများအရ လေ့လာသိရှိရသည်။
( ပုံစာ = နေရပ်ပြန် တရုတ်လူမျိုးများ စီးနင်းလာသည့်ကားများအား မုံရွာမြို့နယ် ရဲတပ်ဖွဲ့မှူးနှင့် ပူးပေါင်း အဖွဲ့မှ ချင်းတွင်းတံတားထိပ်နေရာတွင် စစ်ဆေးမေးမြန်းနေပုံ.. ဓာတ်ပုံ = ကိုတိုးကြီး)

ကိုတိုး ချင်းတွင်း