ငါးကန်တွေ ဖောက်ချပြီး လယ်သမားတွေ ဆန္ဒပြ

ပို့စ်တင်ချိန် - 5/08/2014 06:31:00 AM



လုံခြုံရေးတွေက တားဆီးပြီး ပစ်ခတ် အရေးယူမယ်လို့ ပြောတဲ့ကြားက မန္တလေးနဲ့ ၂၇ မိုင်အကွာ မတ္ထရာမြို့နယ်အတွင်း စစ်တပ်က သိမ်းယူထားတဲ့ မြေတွေပေါ်မှာ မြေပိုင်ရှင်တွေက ပျိုးကြဲခဲ့ကြပါတယ်။

သပြေသာရွာ၊ ရေနံသာရွာနဲ့ သပြေချောင်ရွာတို့ ရွာသားတွေ ပိုင်တဲ့မြေတွေကို ခမရ ၁၁၆ နဲ့ ၁၁၉ က သိမ်းထားပြီး ပုဂ္ဂလိက ငါးလုပ်ငန်းရှင် စံပြ ဦးတင်မြင့်က ငါးကန် လုပ်ထားပါတယ်။

အခုတော့ ငါးကန်ကို ဒေသခံ လယ်ပိုင်ရှင်တွေက ဖောက်ချခဲ့ကြ ပြီးတဲ့နောက်မှာ ပေါ်လာတဲ့ မြေဧက ၂၀၀ ကျော်ကို ဗုဒ္ဓဟူးနေ့က ပျိုးကြဲလိုက်ကြတာပါ။

သပြေသာရွာက မြေပိုင်ရှင် ဒေါ်ကြည်စန်းက ငါးကန်ဖောက်ချရာမှာ ကန်ထဲက ငါးတွေ ပါမသွားအောင် ယင်းလိပ်တွေနဲ့ ကာပြီး ရေကိုသာ ဖေါက်ထုတ်ခဲ့ကြတယ်လို့ ပြောပါတယ်။

ငါးတွေကိုလည်း သက်ဆိုင်ရာ ပိုင်ရှင်က လာယူနိုင်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

မြေတွေ ပြန်ရဖို့ ဒေသခံတွေဘက်က ညှိနှိုင်းရအောင် အမျိုးမျိုး ကြိုးစားခဲ့ကြပေမယ့် သက်ဆိုင်ရာတွေဘက်က အကြောင်းပြန်ခြင်း မရှိခဲ့ဘဲ အရေးယူ ဆောင်ရွက်ပေးတာလည်း မရှိတဲ့အတွက် အခုလို လုပ်ခဲ့ရတာလို့ ဒေါ်ကြည်စန်းက ပြောပါတယ်။

လယ်သမားတွေအရေး အကူအညီ ပေးနေတဲ့ မိတ္ထီလာ ပြည်သူ့ အကျိုးဆောင် ကွန်ရက်က ဒေါ်မြင့်မြင့်အေးကတော့ အခု အသိမ်းခံ ထားရတဲ့ လယ်မြေတွေဟာ ၁၉၉၁ ခုနှစ်ကတည်းက လျော်ကြေး တစုံတရာ မရဘဲ သိမ်းဆည်းခံထားရတာလို့ ပြောပါတယ်။

လယ်သမားတွေက ငါးကန်တွေကို ဖောက်ပြီး ဝင်ရောက် ပျိုးကြဲမှုကို လုံခြုံရေးတွေက စောင့်ကြည့်နေပေမယ့် အရေးယူတာ မရှိသေးပါဘူး။

ဒါပေမယ့် သပြေသာ ရွာနဲ့ မျက်နှာချင်းဆိုင် မန္တလေး မတ္ထရာ ကားလမ်းဘေးမှာ သမဝါယမက သိမ်းထားတဲ့ တံငါရွာက လယ်မြေဧက ၆၀၀ ကျော်ကို ပြန်ရလိုတဲ့အတွက် ဝင်ရောက် ထွန်ယက် စိုက်ပျိုးခဲ့တဲ့ လယ်သမားခေါင်းဆောင် ကိုရဲရင့်အောင်၊ ဦးနေဝင်း၊ ဦးဇော်ဝင်းနဲ့ ဦးကိုကိုအောင် တို့ကိုတော့ အိုးဘိုထောင်မှာ ဖမ်းထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ခနဲ့ တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

BBC Burmese