မိုဘိုင်းအင်တာနက်တွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် တယ်လီနော လုပ်ဆောင်မည်

ပို့စ်တင်ချိန် - 5/15/2014 04:46:00 PM


စ,ချိုကို| ကြာသာပတေးနေ့၊ မေလ ၁၅ ရက် ၂၀၁၄ ခုနှစ်

လူတိုင်းအင်တာနက် အသုံးပြုနိုင်ရေးနှင့် အသုံးပြုမည့် စက်ပစ္စည်းများတွင် မြန်မာဘာသာစကား အသုံးပြုနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်သည်ဟု တယ်လီနောက သတင်းထုတ်ပြန်သည်။

တယ်လီနောအနေဖြင့် မိုဘိုင်းဆင်းမ်ကတ်များ စတင်ချထားပေးရာတွင် တယ်လီနော၏ ဆင်းမ်ကတ်အသုံးပြုသူတိုင်း
အင်တာနက် အသုံးပြုနိုင်အောင် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

တယ်လီနောရှိ မိုဘိုင်းအင်ဂျင်နီယာတစ်ဦးက ဆင်းမ်ကတ်တွေကို စတင်ရောင်းချသွားကတည်းက မိုဘိုင်းအင်တာနက်ပါ တစ်ပါတည်းပါရှိအောင် ချိတ်ဆက်ပေးထားမှာပါ။ အသုံးပြုသူကလည်း အင်တာနက်ကို အချိန်မရွေး အသုံးပြုနိုင်အောင်
လိုင်းကို ဖွင့်ထားပေးမှာပါ။ အင်တာနက် အသုံးပြုခကိုတော့ ဘယ်လို Package ပုံစံ အမျိုးမျိုးနဲ့ ကောက်ခံသွားမှာဖြစ်ပြီး အသုံးပြုသူက စိတ်ကြိုက်ပုံစံမျိုး ရွေးချယ်အသုံးပြုနိုင်မှာပါဟု ဆိုသည်။

စက်ပစ္စည်းများတွင် မြန်မာဘာသာဖြင့် အသုံးပြုနိုင်အောင် ဆောင်ရွက်ရာတွင် လိုအပ်မည့် Features နှင့် Software များ၊
မြန်မာနိုင်ငံရှိ မိုဘိုင်းအင်တာနက်အသုံးပြုမှု၊ အသုံးပြုပုံနှင့် အသုံးပြုနှုန်း မြင့်မားလာမှု အကြောင်းအရာများ၊ မိုဘိုင်းအင်တာနက်၏ အနာဂတ်အကြောင်းများကိုလည်း ပြည်တွင်း၊ ပြည်ပမှ အိုင်တီပညာရှင်များဖြင့် မေ ၁၂ ရက်က ပြုလုပ်ခဲ့သည့် Net Monday နည်းပညာ ဆွေးနွေးပွဲတွင် တယ်လီနောက ဦးဆောင်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

အဆိုပါ Net Monday နည်းပညာဆွေးနွေးပွဲတွင် လူတိုင်းအတွက် အင်တာနက်အသုံးပြုနိုင်ရေး (Internet For All) ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီး အင်တာနက် အသုံးပြုရာတွင် သိရှိရမည့် ကိုယ်ရေးကိုယ်တာ အချက်အလက် လုံခြုံရေးကိစ္စရပ်များကိုလည်း ပြည်တွင်း၊ ပြည်ပ နည်းပညာရှင် ၃၀၀ ကျော်က ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံတွင် မိုဘိုင်းအင်တာနက် အသုံးပြုသူသည် ၂၀၁၄ ခုနှစ်အတွင်း အသုံပြုသူ နှစ်သိန်းကျော်ထိ မြင့်တက်လာကြောင်း သိရသည်။

Mizzima Burmese