၁၆ နှစ်အတွင်း ချင်းတွင်းမြစ်ရေ အကြည်ဆုံးသို့ရောက်

ပို့စ်တင်ချိန် - 5/09/2014 03:03:00 PM


ကလေး၊ မေ ၈

တရားမဝင် ရွှေတူးဖော်မှု လုပ်ငန်းများကြောင့် သောက်သုံး၍ မရအောင် ညစ်ညမ်းခဲ့သော ချင်းတွင်းမြစ်ရေသည် ယခုနှစ် ဧပြီလအတွင်းမှ စတင်ကာ ၁၆ နှစ်အတွင်း အကြည်လင်ဆုံး အဆင့်သို့ ရောက်ရှိခဲ့ကြောင်း ယင်းမြစ်ကမ်းဘေးရှိ မြို့ရွာများတွင် နေထိုင်သူများက ပြောကြားသည်။

“၁၉၉၈ ခုနှစ်နောက်ပိုင်း ရွှေလုပ်ငန်းတွေ စတင် လုပ်ကိုင်ခဲ့ရာကစလို့ ချင်းတွင်းမြစ်ရေ နောက်ခဲ့ရတာပါ။ အခုချိန်မှာ ရွှေလုပ်ငန်းတွေကို တားမြစ်လိုက်ပြီးတဲ့နောက် ရေပြန်ကြည်လာတာပဲ။ ဘယ်လောက်ထိ ကြည်သလဲဆိုရင် သောက်လို့တောင် ရပြီ” ဟု မော်လိုက်မြို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

ယခင်က ကလေးဝမြို့ အမြင့်ပိုင်းမှနေ၍ ချင်းတွင်းမြစ်နှင့် မြစ်သာမြစ်ရေတို့ကို လေ့လာကြည့်လျှင် မြစ်သာမြစ်ရေသည် စိမ်းလဲ့နေပြီး ချင်းတွင်းမြစ်ရေသည် အမြဲနောက်ကျိလျက် ရှိကြောင်း၊ မြစ်နှစ်ခု ပေါင်းဆုံသော နေရာမှာ သိသိသာသာ ရေအရောင်ကွဲကြောင်း၊

ယခုမူ ရေအရောင်ချင်း ထပ်တူဖြစ်နေကြောင်း ကလေးဝမြို့ အမြန်ယာဉ်ဂိတ်များ ဆိုက်ရာ ဆိပ်ကမ်းတွင် နေထိုင်သူတစ်ဦးက ပြောကြားသည်။
“မတ်လပိုင်းထဲမှာတော့ နည်းနည်း နောက်သေးတယ်။ ဧပြီလထဲမှာမှ သိသိသာသာ ကြည်လာတာ၊ အခုဆို ချင်းတွင်းမြစ်ရေ ပြန်သောက်နေကြပြီ။ မြစ်ရေသောက်ရတာ တွင်းရေနဲ့ မတူဘူး။ သူက လေးလေးပင်ပင် ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

ရေပြန်လည် ကြည်လင်လာသော်လည်း မြစ်အတွင်း သဲသောင်ထွန်းမှုများမှာ ယခင်နှစ်ကထက် ပိုလာကြောင်း ချင်းတွင်းမြစ်ဘေး နေထိုင်သူများက ပြောဆိုကြသည်။

မြစ်ရေအခြေအနေနှင့် ပတ်သက်၍ လစဉ် တိုင်းတာမှုများ ပြုလုပ်ကာ တိုင်းရုံးသို့ ပို့ဆောင်ရသောကြောင့် ရေကြည်လင်မှု ကိန်းဂဏန်း တိတိကျကျကိုမူ တိုင်းရုံးကသာ သိမည်ဖြစ်ကြောင်း၊ သေချာသည်မှာ ရွှေမျောလုပ်ငန်းများ ရပ်နားခြင်းကြောင့် ကြည်လင်လာခြင်း ဖြစ်သည်ဟု ကလေးခရိုင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက်အင်ဂျင်နီယာ ဦးသန်းမြင့်က ပြောကြားသည်။

ချင်းတွင်းမြစ် ရှည်တည်တံ့ရန် မြစ်အတွင်း သဲနုန်းပို့ချမှုများကို ဖြေရှင်းရန်၊ ရေအရည်အသွေး ကောင်းမွန်အောင် ပြုလုပ်ရန်၊ မြစ်ရေတင်စက် ရေရရှိမှု လုပ်ငန်းများကို စနစ်တကျ လုပ်ကိုင်ရန်၊ ပတ်ဝန်းကျင် ထိခိုက်မှုရှိသော လုပ်ငန်းများကို ဖြေရှင်းရန်၊ ရေကြောင်း သွားလာမှုလုပ်ငန်း ပိုမိုကောင်းမွန်လာစေရန် စသည့် အချက်များကို ပြုပြင်ထိန်းသိမ်းရန် လိုအပ်ကြောင်း၊

ချင်းတွင်းမြစ်အတွင်း ပုံမှန် ရေကြောင်းကျပ်သည့် နေရာ ၃၇ ခုရှိပြီး ဆိုးဝါးသော နေရာ ၅ နေရာ ရှိကြောင်း၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ချင်းတွင်းမြစ် ပြုပြင်ရန် ကျပ်သန်းပေါင်း ၃၈၆ သန်း အသုံးပြုမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly