၂၀၁၄ ကမ္ဘာ့ဖလား အုပ်စုသုံးသပ်ချက် အုပ်စု (က)

ပို့စ်တင်ချိန် - 5/28/2014 06:26:00 PM


၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေကို ဇွန် ၁၂ ရက်မှာ စတင်ယှဉ်ပြိုင်ကစားကြတော့မှာဖြစ်လို့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကြည့်ရဖို့ ၁၅ ရက်လောက်ပဲ လိုပါတော့တယ်။

၎ နှစ် ၁ ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလားဘောလုံပြိုင်ပွဲဟာ ဒီတကြိမ်မှာတော့ ဘောလုံးနဲ့ ပတ်သက်ပြီး ကမ္ဘာကျော်တဲ့ ဘရာဇီးနိုင်ငံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။
ဘရာဇီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အုပ်စု ၈ ခု ခွဲထားပြီး ဘောလုံးအသင်းပေါင်း ၃၂ သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမှာလည်း ဖြစ်ပါတယ်။

ဒီတကြိမ် ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အိမ်ရှင် ဘရာဇီးအသင်းဟာ အုပ်စု (က) မှာ ခရိုအေးရှား၊ မက္ကဆီကို၊ ကင်မရွန်းအသင်းတို့နဲ့ တအုပ်စုတည်း ကျရောက်နေပါတယ်။

နာမည်ကြီး ဘရာဇီးအသင်းပါတဲ့ အုပ်စု (က) မှာ ဘယ်အသင်းတွေ အုပ်စုအဆင့်ကို ကျော်ဖြတ်သွားနိုင်ပါမလဲ။ အိုလံပစ်အားကစားဂျာနယ် အယ်ဒီတာ ဦးဟိန်းသန့်ကတော့ ဘရာဇီးနဲ့ မက္ကဆီကို ဖြစ်ဖို့များတယ်လို့ သုံးသပ်ပြောပါတယ်။

“အုပ်စု (က)က ဘရာဇီးကတော့ ကျိမ်းသေတာပေါ့။ သူက အိမ်ရှင်လည်းဖြစ်နေတယ်။ အုပ်စုပထမကတော့ ဘရာဇီးဖြစ်ဖို့ များတယ်။ ကျန်တဲ့ မက္ကဆီကိုရယ်၊ ခရိုအေးရှားရယ်၊ ကင်မရွန်းရယ် ဒီကောင်တွေက ဒုတိယ လုရမှာပေါ့။ ကျနော့်အမြင်အရပြောရရင် အုပ်စု ဒုတိယ နေရာအတွက်ကို မက္ကဆီကို ဖြစ်ဖို့ များမယ်။ မက္ကဆီကိုနဲ့ ကင်မရွန်းက အုပ်စု ဒုတိယနေရာ လုမယ်။ ဘာဖြစ်လို့လဲဆိုတော့ မက္ကဆီကို အဲဒီဘက် ဒေသသားဆို ဖြစ်တယ်။ နောက် ကစားမယ့် အပူချိန်တွေ ဘာတွေ ကြည့်ရမယ်။ ကျနော့်စိတ်အထင်က အုပ်စု ဒုတိယ နေရာကို မက္ကဆီကိုနဲ့ ကင်မရွန်း လုမယ်။ မက္ကဆီကိုက အုပ်စု ဒုတိယရလိမ့်မယ် ထင်တယ်။”

အုပ်စု(က)မှာ ဘရာဇီးအသင်းက နေမာဟာ စောင့်ကြည့်ရမယ့် ကစားသမားတဦး ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဇွန် ၁၂ ရက် အဖွင့်ပွဲမှာ အိမ်ရှင် ဘရာဇီးအသင်းနဲ့ ခရိုအေးရှားအသင်းတို့ စတင် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ အုပ်စုတွင်း သုံးသပ်ချက်တွေကို ဒီဗွီဘီကနေ နေ့စဉ် တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

DVB Burmese