မိတ္ထီလာမြို့ဧရိယာ တစ်နှစ်ထက် တစ်နှစ် ပိုမိုကျယ်ပြန့်လာ

ပို့စ်တင်ချိန် - 5/03/2014 09:27:00 AM


မိတ္ထီလာ မေ ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့ဧရိယာ(Down Town Area ) သည်တိုးတက် များပြား လာသည့် လူဦးရေနှင့်နေ့စဉ် နေထိုင်မှုလူမှု ဘ၀များနှင့် အတူစီးပွားရေး လုပ်ငန်းများ တိုးချဲ့ လုပ်ကိုင်လာသဖြင့် တစ်နှစ် ထက် တစ်နှစ် ပိုမိုကျယ်ပြန့်လာကြောင်း သိရသည်။

မိတ္ထီလာမြို့ဧရိယာက တဖြည်းဖြည်းကျယ်လာတယ်။ အလွယ်ဆုံးပြောရရင် အမြန်လမ်းမ မဖောက် လုပ် မီကမိတ္ထီလာနဲ့ ဒီနေ့အချိန်မိတ္ထီလာက အများကြီးကွာခြားပြောင်းလဲသွားပြီဖြစ်ပါတယ်။ အဓိက မြို့ဧရိယာ ကျယ်ပြန့်လာတာက အမြန်လမ်းဘက်ကိုထွက်တဲ့ မိတ္ထီလာကျောက်ပန်း
တောင်းကားလမ်း၊ မြင်းကန်ကျေးရွာအနောက်ဘက်မှစတင်ပြီး အမြန်လမ်းအနီး သီးကုန်းကျေးရွာ ထိပ်ထိ စားသောက် ဆိုင်တွေ၊ စက်သုံးဆီအရောင်းဆိုင် ဖွင့်လှစ်ရောင်းချသူတွေ တဖြည်းဖြည်း များပြား လာတယ်။ ပြီးတော့မိတ္ထီလာ-မြင်းခြံလမ်း မလှိုင်မြို့ဘက်အထွက် ကံကောင်း
ကျေးရွာအနီးမှာလည်း တဖြည်းဖြည်းစည်ကားလာတယ်။နောက်ပြီး မန္တလေးဘက်အထွက်ဆို ပိုပြီးတော့ လူနေအိမ်၊စီးပွားရေးလုပ်ငန်းတွေ တိုးတက်များပြားလာတယ်။ လွန်ခဲ့တဲ့လေးငါးနှစ်နဲ့ မတူ အောင် မိတ္ထီလာက တဖြည်းဖြည်းစည်ကားတိုးတက်လာပါတယ် ဟု ဒေသခံတစ်ဦးကပြောသည်။

မိတ္ထီလာတွင် ၂၀၁၃ ခုနှစ်မတိုင်မီက အိမ်ခြံမြေအရောင်းအဝယ်လုပ်ငန်းများ တိုးတက်များပြားလာပြီး မြို့တွင်း ဧရိယာအတွင်းနေရာများအပြင် မြို့ဆင်ခြေဖုံးရပ်ကွက်များဖြစ်သည့် အောင်ဆန်းမြို့သစ်၊ ပြည်သာယာတောင်ပိုင်း၊ ပြည်သာယာမြောက်ပိုင်းနှင့် ကျေးရွာများဖြစ်
သည့် မြင်းကန်ကျေးရွာ၊ ကံကောင်းကျေးရွာ၊ မကျီးချောက်ကျေးရွာနှင့် စက်မှုဇုန် အနီးရှိ ကျေးရွာ တချို့တွင်လည်း အိမ်ခြံမြေကွက်များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂၀၁၃ခုနှစ်အတွင်း မိတ္ထီလာခြံမြေ အရောင်း အဝယ်ဈေးကွက်အေးစက်သွားခဲ့သည်ဟု ဒေသခံအိမ်ခြံမြေအရောင်းအဝယ် လုပ်ကိုင်သူ တချို့က ပြောသည်

MOI Webportal Myanmar