လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမြင့်ပိုင် ယုဇနကုမ္ပဏီက ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေဧက သုံးသိန်း သိမ်းယူခဲ့မှုအပေါ် ဒေသခံများက ဆန္ဒပြခြင်း၊ တရားစွဲဆိုခြင်း ပြုလုပ်မည်

ပို့စ်တင်ချိန် - 5/29/2014 08:26:00 AM


ဟူးကောင်းဒေသရှိ လယ်မြေများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲအားတွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဝေ)

Written by: ဖြိုးဝေ


လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဦးဌေးမြင့် ပိုင်ဆိုင်ထားသည့် ယုဇနကုမ္ပဏီက ကချင်ပြည်နယ်၊ ဟူးကောင်းချိုင့်ဝှမ်းဒေသရှိ လယ်မြေဧက သုံးသိန်းကျော်အား သိမ်းယူခဲ့ပြီးနောက် ဒေသခံများက ဆန္ဒဖော်ထုတ်ရန် လုပ်ဆောင်ခြင်းကြောင့် နေပြည်တော်အထိ ဒေသခံများအား ခေါ်ဆောင်၍ နစ်နာမှုများအတွက် လျော်ကြေးပေးမည် ဖြစ်ကြောင်း ညှိနှိုင်းခဲ့မှုနှင့် လယ်ယာမြေများ အစားပြန်ပေးမည်ဖြစ်ကြောင်း ညှိနှိုင်းမှုများအား အမှန်တကယ်လုပ်ဆောင်ပေးမှု မရှိသဖြင့် ဆန္ဒဖော်ထုတ်ရန်နှင့် တရားစွဲဆိုရန် ရည်ရွယ်သည့် သတင်းစာရှင်းလင်းပွဲအား မေ ၂၈ ရက်က ရန်ကုန်မြို့ရှိ Myanmar Media Library တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ်ခန့် မှ စတင်၍ ယုဇနကုမ္ပဏီက ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ ဝါရာဇွပ်ကျေးရွာအုပ်စုမှ၊ ရှဒူးဇွပ်၊ ဘန်ကောက်ကျေးရွာ၊ အောင်ရာရပ်ကွက်၊ နမ်ဆိုင်ရပ်ကွက်များနှင့် လီဒိုလမ်းမတစ်လျှောက်ရှိ ဒေသခံများပိုင်ဆိုင်သည့် လယ်မြေများ၊ သချုင်္ိုင်း မြေများ၊ နေအိမ်များနှင့် ကျေးရွာများအား မြေလွတ်၊ မြေလပ်၊ မြေရိုင်းဟုဆိုကာ သိမ်းယူခဲ့မှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဒေါ်ဘောက်ဂျာက ဆိုသည်။

“ကျွန်မတို့ပိုင်တဲ့ လယ်မြေတွေကို သိမ်းခံလိုက်ရတာက ကျွန်မတို့ကို သတ်သလိုပါ ပဲ။ ရွာတွေလည်း ဖျက်ဆီး၊ လူတွေလည်း ရိုက်နှက်ခံခဲ့ရတယ်။ တာဝန်ရှိသူတွေကို တိုင်ကြားတော့လည်း အထက်အမိန့်အရလုပ်တာ ငါတို့လည်း မတတ်နိုင်ဘူးဆိုပြီး လျစ်လျူရှုခံခဲ့ရတယ်။ သားသမီးတွေရဲ့ ပညာရေးအတွက် ကုန်ကျစရာမရှိတော့လို့ ပညာမသင်ပေးနိုင်တာ၊ လုပ်စားစရာမြေ မရှိတော့လို့ နေမကောင်းရင်တောင် ဆေးရုံဆေးခန်းသွားစရာ မရှိတော့လို့ သေဆုံးခဲ့ရသူတွေ အများကြီးပါ။ ဒေသဖွံ့ဖြိုးရေးအတွက်ဆိုပြီး ယုဇနကုမ္ပဏီဝင်လာမှ ဒုက္ခအမျိုးမျိုး ခံစားခဲ့ရပါတယ်” ဘန်ကောက်ရွာနေ ဒေါ်ခွန်းနော်က ဆိုသည်။

သိမ်းဆည်းခံလယ်မြေများ ပြန်လည်ရရှိရန် လယ်သိမ်းခံဒေသခံ ၂၅ဝ ခန့်အနက် ၁၂ဝ ခန့်က ၂ဝ၁ဝ ပြည့်နှစ်မှ စတင်၍ တရားစွဲဆိုမှုများပြုလုပ်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် ဩဂုတ် ၃ဝ ရက်တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ ယုဇနရုံးချုပ်ရှေ့တွင် ဆန္ဒဖော်ထုတ်ရန် ပြုလုပ်ခဲ့ရာ နေပြည်တော်အထိ ဒေသခံများကို ခေါ်ဆောင်၍ ညှိနှိုင်းမှုများပြုလုပ်ခဲ့ပြီး တာဝန်ရှိသူ အစိုးရအဖွဲ့အကြီးအကဲများရှေ့တွင် ဒေသခံများ၏ နစ်နာကြေးများနှင့် လယ်မြေလျော်ကြေးများ ပေးအပ်မည်ဟု ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်က ပြောကြားခဲ့ကြောင်း ဒေါ်ဘောက်ဂျာက ဆိုသည်။

“နေပြည်တော်မှာ ညှိနှိုင်းမှုတွေလုပ်တော့ ဦးဌေးမြင့်ပိုင်တဲ့ ယုဇနကုမ္ပဏီက ဝန်ထမ်းတွေက ဘက်ဟိုးပေါ်မှာ သေနတ်တွေတင်ပြီး ရွာတွေ၊ အိမ်တွေကို ဖျက်ဆီးပစ်တဲ့အကြောင်းပါ ပြောခဲ့တယ်။ ဒီလို အစိုးရတာဝန်ရှိသူတွေရှေ့မှာ လျော်ကြေးပေးမယ် ပြောခဲ့ပေမယ့် တခြားဒေသခံ လယ်သမားတွေပိုင်တဲ့ လယ်မြေတွေကို အစားထိုးပေးခဲ့လို့ ဒေသခံအချင်းချင်းအကြား ပြဿနာဖြစ်ခဲ့ရတဲ့အတွက် သူတို့ပေးတဲ့ လယ်မြေတွေကို လယ်သိမ်းခံရသူတွေက ပြန်မယူရဲတော့ဘူး” ဟု ဒေါ်ဘောက်ဂျာက ဆိုသည်။

လယ်သိမ်းခံရသူများအနေဖြင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေဂုံတိုင်ရုံးချုပ် ၌ ယခုလ ၃ဝ ရက်တွင် ဆန္ဒဖော်ထုတ်ရန် တင်ပြထားပြီး တည်ဆဲဥပဒေများအတိုင်း တရားစွဲဆိုမှုပြုလုပ်မည်ဖြစ်ကြောင်း ဒေါ်ဘောက်ဂျာက ဆိုသည်။

ယခုလ ၈ ရက်ကလည်း ကချင်ပြည်နယ်ရှိ လွှတ်တော်အမတ်များက ဒေသခံများ နှင့်တွေ့ဆုံ၍ ယခုပြဿနာမှာ အစိုးရအဖွဲ့ထိရောက်ရှိဖြေရှင်းထားသည့် ပြဿနာဖြစ်ကြောင်း ဖြေရှင်းနိုင်ရန် မလွယ်ကူကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ဒေသခံများသို့ ပြောကြားခဲ့သည်ဟု ဒေါ်ဘောက်ဂျာက ပြောဆိုသည်။

ယုဇနကုမ္ပဏီ၏ ပီလောပီနံလုပ်ငန်းများကြောင့် ဒေသအတွင်း သဘာဝပတ်ဝန်းကျင်များ ပျက်စီးခြင်း၊ ဘိန်းစိုက်ပျိုးမှုများလာခြင်း၊ ဒေသခံအမျိုးသမီးများ အဓမ္မ အနိုင့်အထက်ပြုခံရခြင်း စသည့်ဖြစ်ရပ်များနှင့် ယုဇနကုမ္ပဏီက လယ်သိမ်းခံဒေသခံများအတွက် တည်ဆောက်ပေးခဲ့သည့် စံပြကျေးရွာမှာလည်း လေးနှစ်တာကာလအတွင်း ပျက်စီးမှုများစွာနှင့် ကြုံတွေ့နေရကြောင်း နှင့် ယင်းဒေသတွင် ဟူးကောင်း ကျားထိန်းသိမ်းရေးနယ်မြေ၊ သစ်တောနယ်မြေနှင့် ယုဇနကုမ္ပဏီပိုင်မြေများသာ ရှိနေပြီး ရှေးယခင်နှစ်ပေါင်းများစွာက နေထိုင်လုပ်ကိုင်လာသည့် ဒေသခံများအတွက် လုပ်ကိုင်စားသောက်ရန် မြေနေရာများ မြေလွတ်မြေလပ်များ မကျန်တော့ကြောင်း ဒေါ်ဘောက်ဂျာက ဆက်လက်ပြောကြားသည်။

ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ ယုဇနရုံးချုပ်ရှေ့တွင် ဆန္ဒဖော်ထုတ်ရန်ကိုမူ တာဝန်ရှိသူများက ယုဇနကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့် နှင့် တွေ့ဆုံပြောဆိုပြီးမှသာ ဆန္ဒဖော်ထုတ်ရန် ပြောဆိုထားကြောင်း ဒေါ်ဘောက်ဂျာက ဆက်လက်ပြောသည်။

လယ်သိမ်းခံ ဒေသခံများ၏ ပြောဆိုမှုများအပေါ် ရွှေဂုံတိုင်ရှိ ယုဇနရုံးချုပ်သို့ မေ ၂၈ ရက် ညနေ ၄ နာရီခွဲခန့်က ဆက်သွယ်မေးမြန်းရာတွင် နောက်ရက်မှသာ လာရောက်မေးမြန်းရန် ဖြေကြားခဲ့သည်။

Eleven Media