၃ ရက်ကြာ အစည်းအဝေး မွန်လူငယ် ငါးရာကျော် တက်ရောက်

ပို့စ်တင်ချိန် - 5/03/2014 09:15:00 AM


မွန်လူငယ် ၅၀၀ ကျော် တက်ရောက်နေတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့က မွန်လူငယ်ညီလာခံမှာ လူငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှု များလာတဲ့ အခြေအနေတွေနဲ့ နိုင်ငံရေးမှာ လူငယ်တွေ ပါဝင်လာ နိုင်ဖို့အရေးတွေကို တက်ရောက်လာတဲ့ လူငယ်တွေ က ဆွေးနွေးကြပါတယ်။

မေလ ၁ ရက်နေ့ကစပြီး မနက်ဖြန် မေလ ၃ရက်နေ့ အထိ မွန်ပြည်နယ် မော်လမြိုင်မြို့ တောင်ပေါ်လမ်းက သာသနာ ၂၅၀၀ ဘုန်းတော်ကြီးကျောင်းမှာ ကျင်းပနေတာဖြစ်ပါတယ်။

လူငယ်တွေကြားထဲ မူးယစ်ဆေးဝါးသုံးဆွဲမှု များလာတာဟာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးတာကြောင့်ဖြစ်တယ်လို့ သံဖြူဇရပ်မြို့နယ်က တက်ရောက်လာတဲ့ လူငယ်တစ်ဦးဖြစ်တဲ့ ကိုဇာနည်ဦးက ပြောပါတယ်။

“လူငယ်တွေကြားထဲမှာတော့ အဓိကကြုံတွေ့နေရတာက မြင်းဆေးကိစ္စတွေပေါ့၊ အဲဒီမြင်းဆေးကိစ္စတွေက လူငယ်တွေကြားထဲမှာ ရေပန်းစားနေတယ်၊ မြို့ပေါ်အပါအဝင် မွန်ပြည်နယ်တစ်ခုလုံးကို ခြုံပြီးတော့ပြောတာပေါ့၊ ပညာပေးအပိုင်းကတော့ အားနည်းတာဗျ၊ မွန်ပြည်သစ်ပါတီက သူတို့လုပ်နိုင်သလောက် ပိုစတာတို့ ဗွီနိုင်းတို့ လက်ကမ်းစာစောင်တို့ လိုက်ဝေနေတယ်၊ ဒါပေမဲ့ တခြားအလုပ်ရုံဆွေးနွေးပွဲလိုဟာမျိုး အားနည်းတယ်လို့မြင်တယ်၊ နောက်တစ်ခု လူငယ်တွေက ဒါကိုသိပ်ပြီးတော့ စွဲလမ်းနေတာတော့ မဟုတ်ဘူးဗျ၊ သူတို့မှာ အလုပ်မရှိဘူး၊ သူတို့ရဲ့ဝါသနာ အခွင့်အလမ်းတစ်ခု ပေါ်လာမယ်ဆိုရင် ဒါတွေပပျောက်သွားနိုင်တယ်”

အဲ့ဒီညီလာခံကို မွန်ပြည်နယ် မြို့နယ် ၁၀ မြို့နယ်က လူငယ်တွေအပြင် ရန်ကုန်၊ ပဲခူး၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်က  မွန်တိုင်းရင်းသား လူငယ် ၅၀၀ ကျော် တက်ရောက်နေသလို မွန်နိုင်ငံရေးပါတီ ခေါင်းဆောင်တွေ၊ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တွေနဲ့ ရဟန်းသံဃာတွေ တက်ရောက်နေကြပါတယ်။

မွန်လူငယ်ညီလာခံဟာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ညီလာခံဖြစ်ပြီး မွန်လူငယ်နဲ့ မွန်အမျိုးသား နိုင်ငံရေး၊ လူငယ်နဲ့ ပညာရေး၊ လူငယ်နဲ့ မူးယစ်ဆေးဝါး၊ လူငယ်နဲ့ စာပေယဉ်ကျေးမှု၊  လူငယ်နဲ့ သဘာဝပတ်ဝန်းကျင် စတဲ့ခေါင်းစဉ်တွေကို တက်ရောက်လာတဲ့ လူငယ်တွေက ပါဝင်ဆွေးနွေးကြ တာဖြစ်ပါတယ်။

RFA