(၂)နှစ်အရွယ် မယားပါသမီးကို ပထွေးဖြစ်သူက မုဒိမ်းကျင့် သတ်ဖြတ်

ပို့စ်တင်ချိန် - 5/02/2014 09:38:00 PM

(သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မြင်ကွင်း)

မိန်းကလေးငယ်၏ ပထွေးတော်စပ်သူသည် မိန်းကလေး၏ မိခင်မရှိချိန်၌ မိနစ်(၂၀)ကြာမျှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။


ဩစတြေးလျ နိုင်ငံတွင် (၂)နှစ်အရွယ် မယားပါသမီးကို မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သည့် အမျိုးသား တစ်ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း သိရသည်။ အသက်(၂၃)နှစ်အရွယ် အမျိုးသားကို ဆစ်ဒနီမြောက်ပိုင်း၊ ကော့ဖ်ဟာဘားစ်အရပ်တွင် ဖမ်းဆီးကာ သောကြာနေ့တွင် လူသတ်မှု၊ မုဒိမ်းမှုများဖြင့် စွဲချက်တင်ခဲ့ကြောင်း ရဲများက ဆိုသည်။ မိန်းကလေးငယ်၏ ပထွေးတော်စပ်သူသည် မိန်းကလေး၏ မိခင်မရှိချိန်၌ မိနစ်(၂၀)ကြာမျှ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ဧပြီလ (၂၀)ရက်နေ့က ဖြစ်ရပ်ကြောင့် မိန်းကလေးသည် ဆေးရုံသို့ တင်ပို့ခံရသော်လည်း နောက်ပိုင်းတွင် ကိုယ်တွင်းဒဏ်ရာများဖြင့် အသက်ဆုံးရှုံးသွားရှာသည်။


ရဲတပ်ဖွဲ့သည် ကြာသပတေးနေ့တွင်မူ မိန်းကလေး၏ ပထွေးအား ဖမ်းဆီးခဲ့သည်။ ၎င်းသည် မူးယစ်ဆေးဝါး သုံးစွဲမှုဖြင့်လည်း သီးခြားစွဲချက်တင်ခြင်း ခံခဲ့ရသည်။ စုံထောက်အရာရှိ ဒါရန်ဂျာမီဆန်က “ကလေးမလေးရဲ့ အစာအိမ်ထိ ထိုးနှက်ချက် တော်တော်များများ ခံထားရတယ်။ အဲဒီမှာတင် အတွင်းပိုင်း ဒဏ်ရာတွေ အများကြီး ရသွားပြီး သူကွယ်လွန်သွားရှာတာပါ။ သူ့အခြေအနေက မြန်မြန်ဆန်ဆန်ပဲ ဆိုးရွားသွားခဲ့တယ်။ ဧပြီလ (၂၁)ရက်နေ့မှာ ကလေးမလေး ကွယ်လွန်ခဲ့ပါတယ်”ဟု တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ရဲတပ်ဖွဲ့၏ အဆိုအရ ကလေးမလေး၏ မိခင်သည် နေအိမ်အပြင်ဘက်သို့ အချိန်တိုလေးမျှ ထွက်ခွာသွားစဉ် ယခုတိုက်ခိုက်မှု ဖြစ်ပေါ်ခဲ့ခြင်းဟု သိရသည်။ ပထွေးဖြစ်သူ အနေဖြင့် ယခုသီတင်းပတ်ကုန်တွင် စွဲချက်တင်မှုနှင့် စတင်ရင်ဆိုင်ရမည်ဖြစ်သည်။

Planet Myanmar Network