ငါးမန်းဖြူကြီး တွေ့ရှိမှုကြောင့် ဩစတြေးလျ ကမ်းခြေအချို့ ပိတ်ထားရ

ပို့စ်တင်ချိန် - 5/03/2014 09:23:00 AM



ပါ့သ်မြို့အနီးရှိ ကမ်းခြေအချို့ကို ယခုအခါတွင် ပိတ်ထားလိုက်ပြီး ငါးမန်းကြီးကို ခြေရာခံ ရှာဖွေမှုများ ပြုလုပ်နေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်


(၁၆)ပေ အရှည်ရှိသည့် ငါးမန်းဖြူကြီးတစ်ကောင်ကို တွေ့ရှိခဲ့ရပြီးနောက် ဩစတြေးလျတွင် အပန်းဖြေ ကမ်းခြေအချို့ကို အရေးပေါ် ယာယီပိတ်ထားလိုက်ရကြောင်း သိရှိရသည်။ အဆိုပါ ဧရာမ သားစားသတ္တဝါကြီးသည် ကမ်းခြေများအနီး ရေပြင်တွင် ကူးခတ်နေခဲ့သည်ကို ကမ်းခြေစောင့် ရဟတ်ယာဉ်က မှတ်တမ်းတင် ဓာတ်ပုံရိုက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ယင်းငါးမန်းကြီးသည် ကမ်းခြေဘက်သို့ ကူးခတ်နေခြင်း မဟုတ်ဘဲ ဝေလငါးကြီး တစ်ကောင်ကိုသာ အမဲလိုက်ရန်ကြိုးစားနေခြင်း ဖြစ်သည်။ သို့သော်လည်း လုံခြုံရေး အခြေအနေအရ ငါးမန်းကြီး တွေ့ရှိရာ ပတ်ဝန်းကျင် ဒေသမှ ကမ်းခြေများကို ပိတ်ထားရန် အာဏာပိုင်များက အမိန့်ထုတ်ခဲ့ရသည်။ ပါ့သ်မြို့နှင့် အနီးတဝိုက်တွင် (၁၀)လအတွင်း ငါးမန်းတိုက်ခိုက်မှုများကြောင့် လူသေဆုံးမှု (၅)ကြိမ်ထိ ကြုံထားရသည်။

ပါ့သ်မြို့အနီးရှိ ကမ်းခြေအချို့ကို ယခုအခါတွင် ပိတ်ထားလိုက်ပြီး ငါးမန်းကြီးကို ခြေရာခံ ရှာဖွေမှုများ ပြုလုပ်နေကြောင်း ကမ်းခြေစောင့်တပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။ ဩစတြေးလျ အနောက်ပိုင်း သမုဒ္ဒရာထဲတွင် ကျက်စားနေဟန်ရှိသော သတ္တဝါကြီးသည် ၎င်း၏ သားကောင် ဝေလငါးကြီးနောက် လိုက်ပါလာရင်း ကမ်းခြေပိုင်းသို့ နယ်ကျွံလာဟန်ရှိသည်။ ရဟတ်ယာဉ်ပေါ်မှ ရိုက်ကူးထားသည့် မှတ်တမ်းပုံရိပ်အရ ငါးမန်းသည် ကမ်းခြေနှင့် မီတာ(၁၀၀)မျှပင် မကွာသော နေရာထိ နီးကပ်လာနေကြောင်း တွေ့ရှိရသည်။

ပါ့သ်မြို့သည် ကမ္ဘာ့ငါးမန်းတိုက်ခိုက်မှုမြို့တော်ဟု နာမည်ဆိုး တွင်လောက်အောင် ငါးမန်းပြဿနာများ ကြုံဖူးပြီး မကြာသေးမီ နှစ်ပိုင်းများအတွင်းက ယင်းအခြေအနေသည် ပိုမို ဆိုးရွားလာခဲ့သည်။ ပါ့သ်တွင် လူသေဆုံးသည်အထိ ငါးမန်းတိုက်ခိုက်မှု (၅)ကြိမ်အပြင် သေဘေးမှ ကံသီစွာ လွတ်မြောက်ခဲ့သည့် တိုက်ခိုက်မှုများပါ အကြိမ်အတော်များများ ပေါ်ပေါက်ခဲ့သည်။ ရဟတ်ယာဉ်ပေါ် ပါရှိခဲ့သည့် မျက်မြင်တစ်ဦးက “အရင်ဆုံး မြင်ခဲ့တာ ဝေလငါးကြီးကိုပါ။ နောက်မှ သူ့ကို တစ်ကောင်ကောင် လိုက်နေမှန်း သတိထားမိတယ်။ ဘာလဲဆိုတာ ရှင်းရှင်းလင်းလင်း မြင်ရတော့ သေချာသွားပါတယ်။ ငါးမန်းကြီး တစ်ကောင်ပါပဲ။ ကျွန်တော်တော့ အဲဒီလောက်ကြီးတဲ့ ငါးမန်းမျိုး မတွေ့ဖူးသေးဘူး”ဟု ပြောကြားသွားခဲ့သည်။

Planet Myanmar Network