ဟိုင်းကြီးကျွန်းတွင် သောက်သုံးရေပြတ်

ပို့စ်တင်ချိန် - 5/09/2014 03:12:00 PM



ပုသိမ်၊ မေ ၈

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အတွင်းရှိ ကျေးရွာအချို့ ဧပြီလ ကုန်ပိုင်းက စ၍ သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့လျက်ရှိကြောင်း ဒေသခံ ကျေးရွာသားများက ပြောကြားသည်။

“ကျွန်တော်တို့ ပြည်သာယာရွာမှာ သောက်သုံးရေ ပြတ်သွားပါပြီ။ ကန်တွေလည်း ရေခန်းကုန်ပြီ။ ပြင်ခရိုင်တို့ ချောင်းဝတို့က သောက်ရေ လာလှူပေးနေလို့ ရေသောက်နေရတာ” ဟု ငပုတောမြို့နယ် တောင်ဖက်စွန်း သဘာဝ ကျောက်ကလပ် မှိုပွင့်များရှိရာ ပြည်သာယာ ကျေးရွာသား ဦးဝင်းမောင်က ပြောကြားသည်။

လာရောက်လှူဒါန်းသည့် သောက်ရေကို ခွဲတမ်းစနစ်ဖြင့် သောက်နေရကြောင်း၊ ရေပြတ်လပ်မှုကြောင့် ကျန်းမာရေး ထိခိုက်မှုများနှင့်လည်း ကြုံနေရသည်ဟု ဒီးဒူတောင် ကျေးရွာအုပ်စု ဇီးတောင်ရွာက ဦးညိုက ပြောဆိုသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့သည့် ၂၀၀၈ ခုနှစ်မှစ၍ သောက်သုံးရေ ပြတ်လပ်မှုနှင့် နှစ်စဉ် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ကြောင်း၊ ယခုနှစ်တွင်မူ အပူချိန် ပိုမိုမြင့်တက်လာသောကြောင့် သောက်သုံးရေကန်များ ပြုလုပ်ပေးရန် ကျေးလက်ဖွံ့ဖြိုးရေး ကော်မတီကို တင်ပြထားကြောင်း ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကြည်က ပြောကြားသည်။
“ဒီဒူးကုန်း ကျေးရွာအုပ်စုမှာ ရွာခွဲ (၁၃) ရွာ ရှိတယ်။ ဒီဒူးကုန်း ရွာမကြီးက ရေအတန်အသင့် ရှိသေးတော့ အဆင်ပြေနေသေးတယ်။ ကျန်တဲ့ ရွာတွေမှာ ရေပြတ်နေပြီ” ဟု ၎င်းက ပြောဆိုသည်။

သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့လျက် ရှိသည့် ကျေးရွာများ၏ အောက်ခြေတွင် ကျောက်ဖျာကြီးများ ရှိသောကြောင့် ရေတွင်းတူး၍ မရကြောင်း ယင်းကြောင့် အောက်ခံ ကျောက်သားများ၏ ခံနိုင်ရည်ကို တိုင်းတာပြီးမှသာ မြေသားတမံ သို့မဟုတ် အုတ်ရေကန် ပြုလုပ်ပြီး ရေသိုလှောင်နိုင်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး ဆည်းမြောင်း ညွှန်ကြားရေးမှူးဟောင်းလည်းဖြစ်၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးလည်းဖြစ်သူ ဦးဘကြူးက သုံးသပ် ပြောကြားသည်။

ဟိုင်းကြီးကျွန်း မြို့နယ်ခွဲ အတွင်းရှိ “ဒူးကုန်းကျေးရွာ အုပ်စုတွင် အိမ်ခြေ (၁၈၀၀) ခန့်၊ လူဦးရေ (၆၀၀၀) ခန့် နေထိုင်ပြီး၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းဒဏ်ကို ခံစားခဲ့ရသော ဒေသဖြစ်ကြောင်း၊ ချောင်းဝကျေးရွာမှ ပြည်သာယာ ရွာအထိ (၁၁) မိုင်ကျော်ကို ကတ္တရာလမ်း ခင်းပေးခဲ့သော်လည်း နှစ်စဉ် ကြုံတွေ့နေရသော ရေရှားပါးမှု ပြဿနာများကိုမူ ဖြေရှင်းပေးနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်

The Voice Weekly