တောင်ကိုရီးယား သမ္မတကို နိုင်ငံရေးပြည့်တန်ဆာဟု မြောက်ကိုရီးယား သုံးနှုန်းတိုက်ခိုက်

ပို့စ်တင်ချိန် - 5/14/2014 07:18:00 AM




ဆိုးလ်၊ မေ ၁၂

တောင်ကိုရီးယားဘက်သို့ မြောက်ကိုရီးယား မောင်းသူမဲ့ လေယာဉ်များ စေလွှတ်ထောက်လှမ်း နေသည်ဟူသော တောင်ကိုရီးယားနှင့် အမေရိကတို့၏ ပြောကြားချက်ကို မြောက်ကိုရီးယားက ငြင်းဆိုလိုက်ပြီး တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း ပြည့်တန်ဆာဟု ခေါ်ဝေါ် သုံးနှုန်းလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယားသည် တောင်ကိုရီးယား စစ်စခန်းများကို ထောက်လှမ်းရန် မတ်လက မောင်းသူမဲ့လေယာဉ် စေလွှတ် ထောက်လှမ်းခဲ့သည်ဟု အမေရိကနှင့် တောင်ကိုရီးယားတို့က လုပ်ကြံ ပြောကြားခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားလိုက်ခြင်း ဖြစ်သည်။

ထို့ပြင် တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးကိုလည်း နိုင်ငံရေး ပြည့်တန်ဆာဟု ခေါ်ဝေါ်သုံးနှုန်းခဲ့ပြီး အမေရိကသည် ပတ်ဂွမ်ဟေး ဖန်တီးထားသော ထိပ်တိုက် ရင်ဆိုင်ရေး အကြံအစည်ကို မျက်စိမှိတ် ထောက်ခံ နေကြောင်းကိုလည်း အမည်ဖော်ပြခြင်း မရှိသည့် မြောက်ကိုရီးယား စစ်တပ်ပြောခွင့်ရ ပုဂ္ဂိုလ်၏ ထုတ်ပြန် ပြောကြားချက်ကို မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA သတင်းတွင် ဖော်ပြထားသည်။

မြောက်ကိုရီးယား ထုတ်ပြန် ကြေညာချက်သည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း၊ မြောက်ကိုရီးယားသည် နိုင်ငံတစ်ခုဟုပင် မခေါ်နိုင်ကြောင်း၊ မြောက်ကိုရီးယားတွင် လူ့အခွင့်အရေးနှင့် လွတ်လပ်မှုမရှိဘဲ လူတစ်ဦး တစ်ယောက်ကိုသာ အကာအကွယ်ပေးရန် တည်ရှိနေရသော နိုင်ငံတစ်ခုဟု ဆိုနိုင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကင်မင်ဆုတ်က ပြောကြားသည်။

မြောက်ကိုရီးယားနှင့် တောင်ကိုရီးယားတို့သည် နည်းနာပိုင်းအရ စစ်ဖြစ်နေဆဲဟု ဆိုနိုင်ပြီး ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲ အပြီးတွင် အပစ်အခတ် ရပ်စဲရေး စာချုပ်ကိုသာ လက်မှတ် ရေးထိုးနိုင်ခဲ့ပြီး ငြိမ်းချမ်းရေးစာချုပ် လက်မှတ် ရေးထိုးနိုင်ခဲ့ခြင်း မရှိသေးပေ။

မြောက်ကိုရီးယား၏ ယခုကဲ့သို့ တောင်ကိုရီးယားနှင့် အမေရိကကို တိုက်ခိုက်သည့် စကားလုံးများဖြင့် သုံးနှုန်း ပြောဆိုခြင်းသည် နောက်ဆုံး ထွက်ပေါ်လာခြင်း ဖြစ်ပြီး ဧပြီလကလည်း အမေရိကန်သမ္မတ အိုဘားမားကို ကောက်ကျစ်စဉ်းလဲသော မျောက်မည်းဟု ခေါ်ဝေါ် သုံးနှုန်းခဲ့သည်။

မတ်လနှောင်းပိုင်းက တောင်ကိုရီးယား နယ်မြေဘက်ခြမ်း နေရာ သုံးခုတွင် တွေ့ရှိရသော မောင်းသူမဲ့လေယာဉ် သုံးစင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားနှင့် အမေရိကန်အစိုးရ တာဝန်ရှိသူများ ပူးတွဲ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။


The Voice Weekly