လွိုင်ကော်တွင် မီးလောင်၊ ၁ ဦး ဒဏ်ရာရ

ပို့စ်တင်ချိန် - 5/28/2014 06:59:00 PM


ကယားပြည်နယ် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်ထဲမှာ မေလ ၂၇ ရက်နေ့ မနက်ပိုင်းက မီးလောင်မှုတခုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ မြို့နယ်မီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီးလောင်ကျွမ်းတဲ့နေရာဟာ မော်ချီး-လွိုင်ကော်ကားဂိတ်က ဈေးဆိုင်ခန်းတွေ ဖြစ်ပြီး မနက် ၁၁ နာရီခွဲက စလောင်ကာ မီးသတ်ကား ၃ စီးနဲ့ သွားရောက် ငြိမ်းသတ်ခဲ့တဲ့အတွက် ၁၀ မိနစ်အကြာမှာ မီးညွန့်ကျိုးသွားတယ်လို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းထွေးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ဆေးချက်တွေအရ ဆိုင်ခန်းအမှတ် ၃ မှာ အသက် ၅ နှစ်ရွယ် မိန်းကလေး ၁ ဦးက ဓာတ်ဆီပုံးဘေးနားမှာ မီးခြစ်နဲ့ ဆော့ကစားရာက စတင်လောင်ကျွမ်းခဲ့တယ်လို့ဆိုပါတယ်။

၂ ခန်းတွဲ ဆိုင်ခန်း ၃ ခုပါ စုစုပေါင်း ဆိုင်ခန်း ၄ ခန်း မီးလောင်ပျက်စီးပြီး မိန်းကလေးငယ်ရဲ့ အစ်မဖြစ်သူလည်း အောက်ပိုင်းဒဏ်ရာရတဲ့အတွက် လွိုင်ကော်ဆေးရုံကြီးမှာ တက်ရောက် ကုသနေရတယ်လို့ ဦးသန်းထွေးက ဆက်ပြောပါတယ်။

မီးလောင်ခံရတဲ့ ဆိုင်ခန်းတွေဟာ ထမင်းဆိုင်၊ ဆန်ဆိုင်နဲ့ ကုန်စုံဆိုင်တွေ ဖြစ်ပြီး ဆုံးရှုံးမှု ကာလတန်ဖိုး ၁၈ သိန်းလို့ မီးသတ်တပ်ဖွဲ့က ခန့်မှန်းကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်ပြီး မီးဆော့သူ မိန်းကလေးရဲ့ မိခင်ဖြစ်သူ ဒေါ်စန်းစန်းအေးကို လွိုင်ကော်ရဲစခန်းမှာ ပုဒ်မ ပ ၈၉ – ၂၀၁၄ / ၂၈၀ ( က ) နဲ့ အမှုဖွင့်ထားတယ်လို့ ဦးစီးမှူးက ပြောသွားပါတယ်။

DVB Burmese