ထီးတန်း အေးရှားဝေါလ် ဆိပ်ကမ်းတွင် လူနှစ်ဦး ကွန်တိန်နာပိ သေဆုံး

ပို့စ်တင်ချိန် - 5/08/2014 11:10:00 AM


ရန်ကုန်၊ မေ ၇

ကြည့်မြင်တိုင်မြို့နယ် ထီးတန်းရပ်ကွက် ထီးတန်းဆိပ်ကမ်းရှိ အေးရှားဝေါလ် ကွန်တိန်နာဝင်းတွင် မေလ ၇ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်က ကွန်တိန်နာ ပုံးများအကြား အိပ်ပျော်နေသူ အမျိုးသားနှစ်ဦးမှာ ကွန်တိန်နာပုံး ပိကာ သေဆုံးခဲ့ကြောင်း အဆိုပါ ကွန်တိန်နာဝင်းအတွင်း လုပ်ကိုင်နေသူများထံမှ သိရှိရသည်။

အလုံမြို့နယ် အေးရှားဝေါလ်ဝင်းတွင် နေထိုင်သူ အသက် ၂၉ နှစ်အရွယ်ရှိ ကိုထွန်းအောင်ရွှေ မောင်းနှင်သော RTG အမျိုးအစား ကွန်တိန်နာပုံး အတင်အချပြု ကရိန်းယာဉ်မှာ အဆိုပါ ဝင်းအတွင်းရှိ ကွန်တိန်နာပုံးများ ထားရာ နေရာသို့ ကွန်တိန်နာပုံးကို ပြောင်းရွှေ့ နေရာချစဉ် အိပ်ပျော်နေသော ကျောက်ပန်းတောင်းမြို့နယ် နေထိုင်သူ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် နှစ်ဦးတို့အပေါ် ချမိရာမှ ကွန်တိန်နာပုံး ပိကာ သေဆုံးခဲ့ကြောင်း ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

“သေဆုံးသူ နှစ်ယောက်က ကွန်တိန်နာပုံးတွေ စီထပ်ထားတဲ့ ကြားထဲမှာ အရိပ်ရလို့ အိပ်နေတာ။ ကရိန်းမောင်းသူက ကွန်တိန်နာပုံးတွေ စီထားတာကြောင့် အိပ်နေတဲ့သူတွေကို မမြင်ရဘူး။ ဒါကြောင့် ကွန်တိန်နာပုံးကို ကရိန်းပေါ်က မြေပေါ်ချမိခဲ့တာ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ဆိပ်ကမ်းဝင်းရှိ ဝန်ထမ်းတစ်ဦးက ကွန်တိန်နာပုံး ချသည့် နေရာတွင် အမျိုးသားနှစ်ဦး အိပ်နေသည်ကို တွေ့ခဲ့မိကြောင်း အသိပေးပြောရာမှ ကွန်တိန်နာပုံး ဖယ်ရှားကြည့်ခဲ့ရာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် အမျိုးသားနှစ်ဦးမှာ ပိပြားကာ သေဆုံးနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ယင်းထီးတန်း ဆိပ်ကမ်းဝင်းတွင် ရပ်နားထားသော ကုန်တင်ယာဉ်မောင်းများက ပြောကြားသည်။

ကွန်တိန်နာပုံး ပိကာ သေဆုံးခဲ့သော ကျောက်ပန်းတောင်း မြို့နယ်တွင် နေထိုင်သူ အသက် ၂၀ နှစ် အရွယ်ရှိ ယာဉ်မောင်း ကိုမောင်ဇော်နှင့် အသက် ၁၇ နှစ်အရွယ် ယာဉ်နောက်လိုက် ကိုသက်ပိုင်စိုးနိုင်ဦးတို့၏ ရုပ်အလောင်းများကို အနောက်ပိုင်းဆေးရုံသို့ ပို့အပ်ထားပြီး ကွန်တိန်နာပုံး အတင်အချပြု ကရိန်းယာဉ်မောင်းဖြစ်သူ ကိုထွန်းအောင်ရွှေကို ပုဒ်မ ၃၀၄-က ဖြင် အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း ကြည့်မြင်တိုင်မြို့မ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

The Voice Weekly