ဘရာဇီးလ်ဘောလုံးအသင်း၏ (၂၃)ဦး လက်ရွေးစင်စာရင်း ထုတ်ပြန်

ပို့စ်တင်ချိန် - 5/08/2014 07:56:00 PM


ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွင် အိမ်ရှင်အဖြစ် လက်ခံတာဝန်ယူမည့် ဘရာဇီးလ် အသင်းသည် ၎င်းတို့၏ (၂၃)ဦး လက်ရွေးစင် အသင်းကို ကြေညာလိုက်ပြီ ဖြစ်သည်။ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရရှိဖူးသည့် ကွင်းလယ်ကစားသမား ရီကာဒိုကာကာသည် ဘရာဇီးလ် လူစာရင်းတွင် ပါဝင်လာခြင်း မရှိခဲ့သလို ၎င်း၏ အေစီမီလန် အသင်းဖော် ရော်ဘင်ဟိုသည်လည်း နည်းပြကြီး လူးဝစ်ဖိလစ် စကိုလာရီ၏ လူစာရင်းမှ ချန်လှပ်ခြင်း ခံခဲ့ရသည်။ PSGအသင်းမှ လူးကက်စ်မော်ရာသည်လည်း ပွဲထွက်နေရာ ပျောက်ဆုံးမှုများ၏ အကျိုးဆက်အဖြစ် ကမ္ဘာ့ဖလား ကစားခွင့်နှင့် လွဲချော်သွားပြီ ဖြစ်သည်။

စကိုလာရီသည် အင်္ဂလန် ပရီးမီးယားလိဂ်မှ ကစားသမား (၆)ဦးထိ ခေါ်ယူခဲ့သော်လည်း လီဗာပူးလ် ကွင်းလယ်အတွဲဖြစ်သည့် လူးကက်စ်လီဗာနှင့် ဖိလစ်ပီ ကော်တင်ဟိုတို့ကိုမူ မျက်ကွယ်ပြုသွားခဲ့သည်။ (၂၀၀၂)ခုနှစ်က ဘရာဇီးလ်အသင်းအတွက် ကမ္ဘာ့ဖလား အောင်ပွဲကို ရယူပေးဖူးသည့် စကိုလာရီသည် ၎င်းတာဝန်ယူ ကိုင်တွယ်ဖူးသည့် ချယ်လ်ဆီးအသင်းမှ ကွင်းလယ်ကစားသမား အော်စကာကို အငြင်းပွားဖွယ် အခြေအနေတွင် ခေါ်ယူသွားခဲ့သည်။ လက်ရှိ ချယ်လ်ဆီးမန်နေဂျာ ဟိုဆေးမော်ရင်ဟို ကိုယ်တိုင်က အော်စကာသည် ဒီဇင်ဘာလထိ အကောင်းဆုံး ခြေစွမ်းပြခဲ့သော်လည်း နောက်ပိုင်းတွင်မူ စွမ်းဆောင်ရည် နိမ့်ပါးသွားကြောင်း ပွင့်ပွင့်လင်းလင်း ဝန်ခံထားခဲ့သည်။

စကိုလာရီကမူ အော်စကာကို ရွေးချယ်မှုနှင့် ပတ်သက်၍ ကာကွယ်ပြောဆိုခဲ့ပြီး “ကျွန်တော်ကတော့ ဘာမှ မစိုးရိမ်ပါဘူး။ အော်စကာဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး စာရင်းဝင် ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ သူ့အတွက် ကာယကြံ့ခိုင်မှုပိုင်း အခက်အခဲတချို့ ရှိကောင်းရှိပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ ကိုယ်ရွေးချယ်ခဲ့တဲ့ ကစားသမား တစ်ယောက်ချင်းစီအတွက် ကြံ့ခိုင်မှုပိုင်း စံနှုန်းတွေ သတ်မှတ်စမ်းသပ်ပြီး ဖြစ်ပါတယ်။ ပေါ်လင်ဟို၊ အော်စကာ၊ မာဆယ်လို ဘယ်သူ့အတွက်ဖြစ်ဖြစ် ကြံ့ခိုင်မှုပိုင်းအတွက် ကျွန်တော်လုံးဝ မစိုးရိမ်ပါဘူး”ဟု ရှင်းလင်းသွားခဲ့သည်။ စကိုလာရီသည် ဝါရင့် ညာနောက်ခံ ကစားသမားကြီး ဒေါက်ဂလက်စ်မိုင်ကွန်၊ PSGမှာ မက်စ်ဝဲလ်တို့ကို ခေါ်ယူခဲ့သော်လည်း အက်သလက်တီကို မက်ဒရစ်နှင့်အတူ ယခုရာသီ အထူးတလည် ခြေစွမ်းပြနေသည့် ဂျိုအို မီရန်ဒါ၊ ဖိလစ်ပီလူးဝစ်တို့ကို ချန်လှပ်သွားခဲ့သည်။ (၄-၂-၃-၁) ပုံစံကို ခင်းကျင်းဖွယ်ရှိသည့် ဘရာဇီးလ် အသင်း၏ (၂၃)ဦး လူစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။

ဂိုး - ဂျူလီယိုဆီဇာ (တိုရွန်တို)၊ ဂျက်ဖာဆန် (ဘိုတာဖိုဂို)၊ ဗစ်တာ (အက်သလက်တီကိုမီနဲရိုး)
နောက် - ဒန်နီအဲလ်ဗက်စ် (ဘာစီလိုနာ)၊ ဒေါက်ဂလက်စ်မိုင်ကွန် (ရိုးမား)၊ ဒေးဗစ်လုဇ် (ချယ်လ်ဆီး)၊ သီယာဂိုဆေးလ်ဗား (PSG)၊ ဒန်တီ (ဘိုင်ယန်မြူးနစ်)၊ မာဆယ်လို (ရီးယဲလ်မက်ဒရစ်)၊ ဟင်ရီကေး (နာပိုလီ)၊ မက်စ်ဝဲလ် (PSG)
လယ် - အော်စကာ (ချယ်လ်ဆီး)၊ ပေါ်လင်ဟို (တော့တင်ဟမ်ဟော့စပါး)၊ ဖာနန်ဒင်ဟို (မန်ချက်စတာစီးတီး)၊ ရာမီရက်စ် (ချယ်လ်ဆီး)၊ လူးဝစ်ဂူစတာဗို (ဝုလ်ဖ်ဘာ့ဂ်)၊ ဟာနန်နက်စ် (အင်တာမီလန်)
ရှေ့ - ဘားနတ် (ရှက်တာဒိုးနက်ခ်စ်)၊ နေမာ (ဘာစီလိုနာ)၊ ဖရက်ဒ် (ဖလူမီးနိစ်)၊ ဟော့ခ် (ဇင်းနစ်စိန့်ပီတာစဘာ့ဂ်)၊ ဂျို (အက်သလက်တီကိုမီနဲရိုး)

Planet Myanmar Network