အမာမြို့နယ်ခွဲတွင် ပြည်ပသို့ တရားမဝင် တင်ပို့မည့် ကျွဲနွား ၃၉ ကောင် ဖမ်းမိ

ပို့စ်တင်ချိန် - 5/05/2014 12:19:00 PM


ရန်ကုန်၊ မေ ၎

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဘဝသစ်ဒိုင်နယ် ကျေးရွာအုပ်စုရှိ ကံကြီးကုန်း ကျေးရွာတွင် ဧပြီလ ၂ ရက် ည ၁၂ နာရီခန့်က သင်္ဘောဖြင့် ပြည်ပသို့ တရားမဝင် တင်ပို့မည့် ကျွဲနွား ၃၉ ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ယင်းကျေးရွာရှိ ဇီဝတဒါန အဖွဲ့ဝင်များထံမှ စုံစမ်းသိရှိရသည်။

ကံကြီးကုန်းကျေးရွာရှိ ခါးပြတ်ချောင်း အနီးတွင် ပြည်ပသို့ တရားမဝင် တင်ပို့ရန် ကျွဲနွဲများ စုဆောင်းထားသည်ဟု ဒေသခံများ၏ သတင်းပေးချက်ဖြင့် အမာမြို့နယ် ရဲတပ်ဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ အမှတ် (၉၃) ခြေလျင်တပ်ရင်းမှ အရာရှိများနှင့် အမာမြို့နယ် ဇီဝတဒါန အဖွဲ့တို့ ပူးပေါင်းကာ ကင်းပုန်းဝပ်ကာ စောင့်ဖမ်းခဲ့ခြင်း ဖြစ်ကြောင်း ယင်းဇီဝိတဒါနမှ အဖွဲ့ဝင် ကိုစန်းမောင်က ပြောကြားသည်။

“ကျွဲနွားတွေ တင်ဖို့ သင်္ဘောက ချောင်းလယ်မှာ ရပ်ထားတာ။ လာဖမ်းတယ် သတင်းကြားလို့ သင်္ဘောက မတင်တော့ဘဲ ပင်လယ်ဘက် ပြန်မောင်းထွက်သွားတယ်။ လာဖမ်းတဲ့ အဖွဲ့က မှောင်ထဲမှာ ကင်းပုန်း ဝပ်နေတာ။ ညဥ့်နက်လာတော့ သူတို့အဖွဲ့ထဲက နှစ်ယောက်ကို ကျွဲနွားတွေနဲ့ ထားခဲ့တာ။ ဒီကျွဲနွားတွေကို အုန်းတန်းတောထဲမှာ ချည်ထားခဲ့ချိန် ဝင်ဖမ်းခဲ့တာ” ဟု ၎င်းက ရှင်းပြသည်။

သက်ဆိုင်ရာက ဝင်ရောက် ဖမ်းဆီးချိန်တွင် ကျွဲနွားများကို စောင့်နေသူ အမျိုးသားနှစ်ဦး ထွက်ပြေး လွတ်မြောက်ခဲ့ပြီး နွား ၃၃ ကောင်နှင့် ကျွဲ ၃ ကောင်ကို ဖမ်းဆီးရမိခဲ့ကြောင်း ဘဝသစ်ဒိုင်နယ် ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

“ကျွဲနွားတွေကို သင်္ဘောနဲ့ တနင်္သာရီတိုင်းဘက် ခိုးသယ်ပြီး ထိုင်းနိုင်ငံနဲ့ မလေးရှား နိုင်ငံတွေကို ပို့နေတာ။ လာသယ်တဲ့ သင်္ဘောအများစုက ကွမ်းခြံကုန်းဘက်ကလို့ စုံစမ်းသိရပေမယ့် သင်္ဘောနဲ့ လူကို ဖမ်းလို့ မမိသေးဘူး။ သားသတ်လိုင်စင် ရထားသူတွေက အသေသားကို ဗန်းပြပြီး နောက်ကွယ်ကနေ အရှင်တွေကို ပြည်ပခိုးပို့နေတာ” ဟု အမာမြို့နယ်ခွဲရှိ ဇီဝိတဒါန အဖွဲ့ဝင် ကိုစန်းမောင်က ရှင်းပြသည်။

ဘဝသစ်ဒိုင်နယ် ကျေးရွာရှိ ခေတ္တာကျွန်းနှင့် ဂတုံးမကျွန်းကြားမှ ပင်လယ်ဘက်သို့ ထွက်ခွာရန် လွယ်ကူသောကြောင့် ကျွဲနွားများ တရားမဝင် သယ်ဆောင်သော သင်္ဘောများမှာ တစ်လလျှင် သုံးကြိမ်ခန့် ခိုးဝင် သယ်ဆောင်လျက် ရှိကြောင်း ယင်းကြောင့် ဒေသခံ ဇီဝိတဒါန အဖွဲ့ဝင်များက စုံစမ်းကာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပူးပေါင်းပြီး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း ယင်းဒေသခံများက ပြောကြားသည်။

“မနှစ်ကနဲ့ ဒီနှစ် ဖမ်းဆီးရမိမှုအရ ကျွဲနွား စုစုပေါင်း အကောင် ၁၀၀ နီးပါး ရှိပြီ။ ဖမ်းဆီးရမိတဲ့ ကျွဲနွားတွေကို အုပ်ချုပ်ရေးပိုင်းက ခွင့်ပြုပေးချက်အရ ခြောက်လ ထိန်းသိမ်းခွင့်ရတဲ့ အချိန်မှာ လယ်ပိုင်ပြီး ကျွဲနွား မရှိသူတွေကို ဇီဝိတဒါန အဖွဲ့က အခမဲ့ အငှားပေးထားတယ်” ဟု ဘဝသစ်ဒိုင်နယ်အုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကြာစိန်က ပြောကြားသည်။

ဖျာပုံခရိုင်တွင် ၂၀၁၃ ခုနှစ်က ကျွဲနွားများ တရားမဝင် သယ်ဆောင်မှု ပပျောက်ရန် ဇီဝိတဒါန အဖွဲ့က သားသတ်လိုင်စင်ကို ဝယ်ယူခဲ့သော်လည်း ယင်းအဖွဲ့၏ ဘဏ္ဍာရေး အကျပ်အတည်းကြောင့် ယခုနှစ် လေလံပစ်ချိန်တွင် မဝယ်နိုင်ခဲ့ကြောင်း၊ လိုင်စင် ရရှိထားသူများက သားသတ်လိုင်စင် ဗန်းပြပြီး ကျွဲနွားအရှင်များကို ပြည်ပသို့ တရားမဝင် တင်ပို့နေမှု များပြားလာသည်ကို စုံစမ်းတွေ့ရှိနေရကြောင်း ယင်းဇီဝိတဒါန အဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly