ဈေးထဲသို့ သွားမိလေသောအခါ

ပို့စ်တင်ချိန် - 5/29/2014 08:39:00 PM

ရန်ကုန်မြို့ရှိ ဈေးတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ – အောင်မျိုးသန့်)

တစ်နေ့ နံနက်အစော ဇနီးသည်က ဈေးဖိုးလာတောင်းတော့ အကြံတစ်ခုရလိုက်သည်။ မည်သည့်အကြံလည်းဟု ဆိုလျှင် ဇနီးသည်ဈေးသွားက တော်တော်ကလေး ကြာတတ်သည်။ ကြာ၍ “မင်းဈေးသွားတာကလည်း ကြာလိုက်တာ” ဟု ကျွန်တော်ကပြောသော အခါ “ရှင်ဘာသိလဲ။ ဒီမှာဖြင့် တစ်နေ့တစ်နေ့ ဘာဝယ်ရရင်ကောင်းမလဲလို့ စဉ်းစားလိုက်ရတာ လူကို မူးနောက်နေတာပဲ” ဟု ပြန်ပြောတတ်သည်။ နောက်ပြီး ကျွန်တော်ကိုယ်တိုင်ကလည်း ဇနီးသည်အပေါ် သံသယရှိပါ သည်။ မိသားစုလေးယောက် မနက်စာ၊ ည စာအတွက် ဈေးဖိုး ၃ဝဝဝ ပေးလိုက်လျှင် အမြဲ ညည်းလေ့ရှိသည်။ ၃ဝဝဝ ဆိုတာ နည်းတဲ့ပိုက်ဆံလား။ ဒီတော့ ဟိုပစ္စည်းအပေါ် နည်းနည်း၊ ဒီပစ္စည်းအပေါ် နည်းနည်း ဈေးဖိုးပိုတင် ပိုပြပြီး သူ့အတွက်ဒါမှမဟုတ် သားနဲ့ သမီးအတွက် အင်္ကျီဖိုး၊ ထဘီဖိုးများ ပိုက်ဆံ “ကစ်” နေသလားဟု သံသယဖြစ်နေသည်။ ထို့ကြောင့် တနင်္ဂနွေ အားလပ်ရက်ဖြစ်နေ၍ ဈေးသို့သွားရန် အကြံရခြင်းဖြစ်ပါသည်။ ထို့ကြောင့် အကြံဖြင့် ဇနီးဖြစ်သူကို “ကျုပ်လည်းလိုက်ခဲ့မယ်” ဟု ပြောလိုက်သည်။ ကျွန်တော်ထင်တာက ဇနီးသည် မျက်နှာပျက်သွားမည်။ ထိတ်လန့်သွားလိမ့်မည်။ ပြီးတော့ “တော်က ဘာလိုက်လုပ်မှာလဲ။ အလကား လမ်းဖြင့်လျှောက်နိုင်တာလည်း မဟုတ်ဘဲနဲ့။ ဈေးက အဝေးကြီးပဲဥစ္စာ။ အိမ်မှာပဲ အေးအေးဆေးဆေး စာဖတ်နေခဲ့ပါ” စသည် ဖြင့် ဈေးသို့ ကျွန်တော်မလိုက်ရန် တားမြစ်လိမ့်မည်ပေါ့။ ကျွန်တော်အထင်လွဲသွားသည်။ ကျွန်တော် ဈေးလိုက်မည်လည်းကြားရော မုန့်ဖိုးအများကြီးရလိုက်သည့် ကလေးတစ်ယောက်လို ဇနီးသည်၏မျက်နှာ ဝင်းခနဲဖြစ်သွားပြီး ပျော်သွားလိုက်သည်မှာ မပြောပါနှင့်တော့။
လက်တစ်ဖက်က ဈေးခြင်းတောင်းကို ချိတ်။ ကျန်သည့်လက်တစ်ဖက်ဖြင့် ကျွန်တော့်လက်ကိုဆွဲကာ အိမ်ပေါ်မှ အပြေးဆင်းတော့၏။ ဒီလိုနှင့် ကျွန်တော်တို့ဇနီးမောင်နှံ ဈေးထဲသို့ ရောက်သွားကြလေသည်။

ဈေးထဲသို့ ရောက်သောအခါ ပထမဦးဆုံး ဇနီးသည်သွားသည်က ဆန်ဆိုင်ဖြစ်ပါသည်။ နေ့တိုင်းဝယ်နေကျ ဆိုင်မို့ထင်သည်။ ဆန်ရောင်းနေသည့် မိန်းမကြီးနှင့် ဇနီးသည်တို့ ရင်းရင်းနှီးနှီးရှိလှသည်။ “စစ်ဆေးရေးပါတယ် အစ်မရေ” ဟု ဇနီးသည်က ကျွန်တော့်ဘက်သို့ မေးငေါ့၍ ပြောလိုက်သောအခါ ဆန်သည်မိန်းမကြီးက “စစ်ပါစေညီမရယ် စစ်ပါစေ။ ဒါမှ ယောက်ျားဖြစ်သူတွေသိမှာ။ ဈေးထဲမှာ မိန်းမတွေ ဘယ်လောက် ခေါင်းမီးတောက်ရသလဲဆိုတာ” ဟု အပြုံးနှင့်ပြန်၍ ပြောပါသည်။ ကျွန်တော်က ဘာမှပြန်မပြော။ ကျွန်တော်တို့မိသားစု လေးယောက်စလုံးက လူကြီးချည်းပဲဖြစ်သောကြောင့် မနက် ဆန်နှစ်လုံး ညနေအတွက်ကတော့ နောက်တစ်နေ့ မနက်အစော ထမင်းကြမ်းအတွက်ပါ ဆန်သုံးလုံးပေါင်း တစ်နေ့ကို ဆန်ငါးလုံး ချက်ရသည်။ အစာအိမ်သမားက သုံးယောက်မို့ အသင့်အတင့်ကောင်းမွန်သော ဆန်ငါးလုံး ဝယ်လိုက်ရာ ငွေကျပ် ၁ဝဝဝ ပေးလိုက်ရသည်။ ဇနီးသည်က သူ၏ လက်ထဲမှ ၁ဝဝဝ တန်တစ်ရွက်ကို ဆန်သည်ဆီသို့ လှမ်းပေးရင်း ပြုံးစနဲ့နဲ့ဖြင့် ကျွန်တော့်ကိုကြည့်သည်။ ကျွန်တော်က သူ၏အပြုံးကို မမြင်ချင်ယောင် ဆောင်လိုက်ပါသည်။ ဒီဆန် တစ်မျိုးတည်းနှင့်ပင် “ဟိုပစ္စည်းအပေါ် နည်းနည်း၊ ဒီပစ္စည်းအပေါ် နည်းနည်းဈေးပိုတင် ပိုပြထားလေမလား” ဆိုသည့် ကျွန်တော့်ရင်ထဲက သံသယများ ယိုင်နဲ့၍ သွားသည်။

ဆန်ပြီးတော့ ကြက်သွန်ဖြူဝယ်သည်။ ကြက်သွန်ဖြူက ငါးကျပ်သားကို ကျပ် ၁၅ဝ  ပေးရသည်။ ထို့နောက် မီးသွေးဆိုင်ဘက်သို့ ကျွန်တော်တို့ သွားကြသည်။ ထိုသို့သွားရင်း မှ ဈေးထဲမှာရပ်နေ၊ ငေးနေ၊ တွေးနေသည့် မိန်းမများကို ကျွန်တော် သတိထားမိသွားသည်။
အချို့မိန်းမတွေမှာ လက်ထဲက ပိုက်ဆံကလေးတွေကိုကြည့်ရင်း ခေါင်းကုတ်နေကြသည်။ အချို့မိန်းမတွေက ကြက်သား၊ အမဲသား၊ ငါး စသည့်အပုံများကို ငေးကြည့်လျက် မျက်နှာရှုံ့မဲ့နေကြသည်။ အချို့မိန်းမတွေက ဈေးတစ်ခုလုံးကို ဝိုင်းကြီးပတ်ပတ်ဒူဝေဝေ လုပ်နေကြသည်။ မီးသွေးဆိုင်ရောက်တော့ ကျွန်တော်တို့ မီးသွေး ၅ဝ သားဝယ်ရာ ၃ဝဝ ပေးရပြန်သည်။ ကျွန်တော့်ရင်ထဲမှ သံသယက ပို၍ယိုင်လာသည်။

“ဟဲ့ကောင်မ ဝယ်လည်း မဝယ်နိုင်ဘဲနဲ့ ဘာဖြစ်လို့ လာဆစ်တာလဲ။ ဟင်း ဘာမှတ်နေသလဲ”

ကျွန်တော်တို့ ကြက်သားဆိုင်ရှေ့အဖြတ် ကြားလိုက်ရခြင်း ဖြစ်သည်။ မျက်စိကို ထောင့်ကပ်ပြီးကြည့်လိုက်ရာ လည်ပင်းမှာ လက်သန်းလောက် ဆွဲကြိုးကြီးနှင့် လက်မှာ လက်ကောက် ၁ဝ ကွင်းခန့် ဝတ်ထားသည့် ကြက်သားသည်ကို လက်ထဲမှာ ဓားကိုင်လျက် ဒေါသထွက်နေသည်ကို တွေ့ရသည်။ သူ့ရှေ့ မှာတော့ အဝတ်အစားရော မျက်နှာပါနွမ်းနေသည့် မိန်းမပိန်ပိန်တစ်ယောက် ရပ်နေသည်ကို ကျွန်တော်မြင်ရပါသည်။ ထိုမိန်းမပိန်ပိန်က ကြက်သားသည်ကို “ဟုတ်ပါတယ် အစ်မရယ်။ ကျွန်မယောက်ျားက နေမကောင်းဖြစ်နေတယ်။ အလုပ်မဆင်းနိုင်တော့ ဝင်ငွေမရှိဘူး။ ဒါကြောင့် သူအားရှိပြီး မြန်မြန်နေကောင်းပါစေတော့ဆိုပြီး ကြက်သားစွပ်ပြုတ်ကလေး တိုက်ချင်တာနဲ့ အစ်မဆီ ဝင်မေးမိတာပါ။ ဒါပေမဲ့ ကြက်သားကလေး တစ်ဆယ်သားကို ၈ဝဝ ပေးလိုက်ရရင် ကလေးတွေအတွက် ဝယ်စရာမရှိတော့မှာကို သွားပြီးသတိရလိုက်လို့ပါ” ဟု ချိုချိုသာသာပြောလေသည်။ စကားဆုံးတော့ ကြက်သားသည်အမျိုးသမီး ငိုင်သွားသည်ကိုတွေ့ရသည်။ ထို့နောက် ကျွန်တော် လုံးဝမထင်ထားသော အဖြစ်အပျက်တစ်ခု ဖြစ်သွားခဲ့ပါသည်။ ကြက်သားသည်အမျိုးသမီးသည် စောစောက သူခုတ်ထစ်ထားသည့် ကြက်သားကလေး တစ်ဆယ်သားကို ဈေးခုံအောက်မှာရပ်နေသည့် မိန်းမပိန်ပိန်၏ ဆွဲခြင်းအစုတ်ကလေးထဲသို့ ဆတ်ခနဲ လှမ်းထည့်လိုက်ခြင်း ဖြစ်သည်။
ပြီးတော့ “အခုနက ကျွန်မပြောလိုက်မိတာကို စိတ်မဆိုးပါနဲ့။ ရုတ်တရက်ခုတ်ထစ်ပြီးမှ မယူတော့ဘူးဆိုတော့ ဒေါသထွက်သွားလို့ပါ။ ဟုတ်တာပေါ့။ အိမ်ထောင်ဦးစီးတစ်ယောက် မကျန်းမမာဖြစ်နေရင် မိသားစုတွေအားလုံး စိတ်ဆင်းရဲကိုယ်ဆင်းရဲ ဖြစ်ကြရတာပဲ။ တကယ်လို့ ဒီကြက်သားကလေး တစ်ဆယ်သားလောက်က ကျွန်မ အလကားပေးလိုက်ရမှာ။ ဒါပေမဲ့ အရင်းအနှီးကလည်းမသေးဘူး မဟုတ်လား။ ဒီတော့ ရှင်ရှိတော့မှပေး ဟုတ်ပြီလား” ဟု တကယ် စိတ်မကောင်းဖြစ်သွားသည့် လေသံဖြင့် ပြောသည်။
ကျွန်တော့် ရင်ထဲမှာလည်း မကောင်း။ ဇနီးသည်က လက်တို့မှ ကြက်သားဆိုင်ရှေ့ ရပ်ငေးနေမှန်း သိသည်။ ကြက်သား တစ်ဆယ်သား ကျပ် ၈ဝဝ ဟု ကြားလိုက်ရသည့်အတွက် အမဲသားဈေး၊ ဝက်သားဈေးကို ဇနီးဖြစ်သူအား မေးကြည့်မိသည်။ ဒီတော့မှ အမဲသားတစ်ဆယ်သား ကျပ် ၉ဝဝ၊ ဝက်သား တစ်ဆယ်သား ကျပ် ၁ဝဝဝ မှန်း ကျွန်တော်သိရတော့သည်။ ထို ဈေးနှုန်းများကို ကြားရသိရတော့ ကျွန်တော့် ရင်ထဲမှာ သံသယက ယိုင်နဲ့ယိုင်နဲ့ မဟုတ်တော့။ လုံးလုံးလျားလျားကို ပြိုပျက် ပျောက်ကွယ်သွားတော့သည်။
အိမ်သို့ပြန်ရောက်လျှင် ဝယ်ယူလာသည့် ပစ္စည်းများနှင့် ကျသင့်ငွေကို စာရင်းရေးပြီး ဇနီးသည်က ကျွန်တော့်ကိုပြသည်။ ကျွန်တော်ယူပြီး ကြည့်လိုက်ရာ

ဆန်ငါးလုံး —— ၁ဝဝဝ ကျပ်
ကြက်သွန်ဖြူ(ငါးကျပ်သား) ——  ၁၅ဝ ကျပ်
မီးသွေး( ၅ဝ သား) ——  ၃ဝဝ ကျပ်
ခရမ်းချဉ်သီး (၂ဝ သား) ——  ၂ဝဝ ကျပ်
မျှစ် (၃ဝ သား) ——  ၆ဝဝ ကျပ်
မုန်ညင်း (သုံးစည်း) ——  ၅ဝဝ ကျပ်
ခရမ်းကြွပ်သီ  (ခြောက်လုံး) ——  ၆ဝ ကျပ်
အချိုမှုန့် (တစ်ထုပ်) ——  ၂၇ဝ ကျပ်
ကြက်သွန်နီ (၁ဝ သား) ——  ၈ဝ ကျပ်
ငရုတ်သီးစိမ်း၊ နံနံပင်——  ၂ဝဝ ကျပ်
ဆီ (၇ကျပ်ခွဲသား) ——  ၂၂၅ ကျပ်
—————————————–
စုစုပေါင်း ၃၅၂၅ ကျပ်

ဟု တွေ့ရလေသည်။ ကျွန်တော်က မနက်စောစောအတွက် ထမင်းကြမ်းနှင့် စားရန် မုန့် ဟင်းခါးနှစ်ထုပ် ဝယ်လိုက်ရသည့် ကုန်ကျငွေ ကျပ် ၄ဝဝ နှင့် ကျွန်တော် မြို့ထဲသို့ ထွက်ရမည့် လမ်းစရိတ် ကျပ် ၁ဝဝဝ ကို ထည့်ပေါင်းလိုက်ရာ ၄၉၂၅ ကျပ် ဖြစ်နေကြောင်း တွေ့ရလေသည်။ ဒါတောင် ကျွန်တော်တို့မိသားစုက ယနေ့မနက်စာနှင့် ညစာကို မျှစ်ကြော်နှင့် စားရမှာဖြစ်သည်။ ကြက်သား ဒါမှမဟုတ် ဝက်သားကလေးနှင့် စားလျှင်တော့ ဤမျှမက ကုန်ကျပါလိမ့်မည်။ စားပွဲပေါ်ရောက်လာသမျှကို အဆင်သင့်စားနေသော ကျွန်တော်သည် နေ့စဉ်ပေးရသော ဈေးဖိုး ကျပ် ၃ဝဝဝ ကို များလှပြီထင်နေ၏။ ကိုယ်တိုင်ဈေးထဲသို့ လိုက်သွားသောအခါမှသာလျှင် ကုန်ဈေးနှုန်းအခြေအနေကို သိလိုက်ရပြီး ဇနီးသည်ကို ကျေးဇူးတင်စိတ် ဖြစ်သွားလေသည်။ ဒါတောင် သာရေးနာရေးစရိတ်များ၊ နေ့ဝက်စရိတ်များ မပါ “တစ်နေ့စား” ဖို့ကလေးပင် မဟုတ်လား။

ပျမ်းမျှ တစ်နေ့ဝင်ငွေ ကျပ် ၂ဝဝဝ သာ ရှိသော လက်လုပ်လက်စားများနှင့် စက်ရုံအလုပ်သမားကလေးများ မည်သို့ စားသောက်နေထိုင်ကြသနည်းဆိုသည်ကို တွေးနေမိချိန်မှာ မိန်းမဖြစ်သူ၏ “စာရေးဆရာ ကာတွန်းဆရာကိုယူထားတော့လည်း အသားမစားရတာကို အပြစ်မမြင်ပါဘူးတော်။ တစ်နေ့ သုံးသိန်းလောက် လက်ဆောင်ရတဲ့ အရာရှိနဲ့ မရခဲ့တဲ့ ကိုယ့် ကိုယ်ကိုယ်သာ အပြစ်တင်မိပါတယ်” ဆိုသည့် ခနဲ့တဲ့စကားကြောင့် “သောက်ကမြင်းမ” ဟုသာ အော်လိုက်မိပါတော့သည်။

ရဲခေါင်မဲမောင်
Eleven Media Group