စိတ်ရောဂါဝေဒနာရှင်တစ်ဦး တိုက်လေးလွှာမှ ခုန်ချသေဆုံး

ပို့စ်တင်ချိန် - 5/14/2014 08:39:00 PM


ဖြိုးဝေလင်း

နေအိမ်တိုက်ခန်း လေးလွှာအမြင့်မှ စိတ်ဝေဒနာရှင်တစ်ဦး ခုန်ချသေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု မေ ၁၃ ရက်၊ နံနက် ၄ နာရီ ခွဲဝန်းကျင်က တာမွေမြို့နယ်၊ ဗညားဒလလမ်းအတွင်း ဖြစ်ပွားခဲ့သည်ဟု တာမွေမြို့မ ရဲစခန်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ခုန်ချတာကတော့ မနက်အစောပိုင်းကပါ။ မိသားစုဝင်တွေပြောတာတော့ စိတ်ဝေဒနာရှင်လို့ပြောတယ်။ သူ့မှာ ဆေးလက်မှတ်တွေဘာတွေတော့ မရှိဘူး။ အခုလောလောဆယ်တော့ ဆေးရုံပို့ပြီး ဆေးစစ်ချက် ကို စောင့်နေပါတယ်”ဟု အဆိုပါရဲတပ်သားက ဆိုသည်။

ဖြစ်ပွားပုံမှာ တာမွေမြို့နယ်၊ တာမွေကြီး(က+ဂ)ရပ်ကွက်၊ ဗညားဒလလမ်းအတွင်းရှိ အထပ်မြင့် တိုက် ခန်းတစ်ခုပေါ်မှ စိတ်ဝေဒနာသည် ကိုကျော်ကျော်မင်း(၂၈) နှစ်သည် လေးလွှာအမြင့်မှ ခုန်ချခဲ့သဖြင့် ယာမျက်ခုံး၊ မေးစေ့၊ ယာဒူးတို့တွင် စုတ်ပြဲဒဏ်ရာ၊ ပါးစပ်နှင့် ၀ဲနားအတွင်းမှ သွေးထွက်ဒဏ်ရာများအပြင် ယာမျက်လုံး၊ လည်ပင်းတို့တွင် ဖူးရောင်ညိုမဲဒဏ်ရာများ ရရှိခဲ့ပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံး သွားခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းများတွင် ဖော်ပြထားသည်။

သေဆုံးသူမှာ မိခင်နှင့်အတူနေထိုင်သူဖြစ်ပြီး မွေးကတည်းကပင် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး အခင်းဖြစ်ပွားချိန်က စိတ်ဖောက်ပြန်ကာ တိုက်ပေါ်မှခုန်ချခဲ့ခြင်းဖြစ်သည်။ အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ တာမွေမြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၉/၂၀၁၄)ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

Mizzima Burmese