မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ကို တရားရုံးစွဲတင်ရန် ဥပဒေအကြံပြုချက် တောင်းခံမည်

ပို့စ်တင်ချိန် - 5/21/2014 12:49:00 PM


မန္တလေး၊ မေ ၁၉

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်းက လျှပ်စစ်မီး ဝါယာရှော့မှ တစ်ဆင့် မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ အောင်မြေသာစံမြို့နယ် အမှတ် (၁) နယ်မြေ ရဲတပ်ဖွဲ့စခန်းတွင် အမှုဖွင့်ထားပြီး တရားရုံး စွဲတင်ရန်အတွက် ဥပဒေအကြံပြုချက် တောင်းခံမည် ဖြစ်ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး ဒုတိယရဲမှူးကြီး စိန်ထွန်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ရဲလုပ်ထုံး လုပ်နည်းအရ သက်သေများကို စစ်ဆေးဆဲ အဆင့်တွင် ရှိနေပြီး မြို့နယ်၊ ခရိုင်မှတစ်ဆင့် ဥပဒေချုပ်ရုံးသို့ ဥပဒေအကြံပြုချက် တောင်းခံသွားမည် ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းသို့ ဥပဒေအကြံပြုချက် ရရှိရန် ခရိုင်ဥပဒေရုံးသို့ ပေးပို့သွားမည် ဖြစ်ပြီး မည်သည့်အချိန်တွင် ပို့မည်ကို မသိရသေးကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“အမှုက ကြန့်ကြာနေတယ်လို့တော့ ပြောလို့ မရဘူး။ သာမန်အရပ်သား မဟုတ်ဘူး။ ဝန်ကြီးချုပ် ဖြစ်နေတဲ့အတွက် သက်ဆိုင်ရာ ဌာနတွေမှာ ခွင့်ပြုချက် တောင်းရတာတွေ ရှိတယ်။ ရဲလုပ်ထုံး လုပ်နည်းတွေအရ လုပ်ဆောင်နေရလို့ ကြန့်ကြာနေရတာပါ” ဟု တရားလွှတ်တော်ရှေ့နေ ဦးလှကိုက ပြောကြားသည်။

မန္တလေးမြို့တော်ရှိ တိုင်းဒေသကြီး ဝန်ကြီးချုပ် နေအိမ်တွင် ဧပြီလ ၁၉ ရက်နေ့ ညပိုင်း ၈ နာရီ ၃၀ မိနစ်ခန့်က လေအေးပေးစက်၏ မီးဖြတ်စက်မှ အပူချိန်လွန်ကဲပြီး မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကာ ယင်းမီးလောင်မှုကြောင့် တန်ဖိုး ကျပ် ၁၁ သိန်းဖိုး ဆုံးရှုံးသွားပြီး ယင်းမီးလောင်မှုနှင့် ပတ်သက်၍ ဧပြီလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကို (ပ) ၈၅/ ၂၀၁၄ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၈၅ တို့အရ အရေးယူထားကြောင်း အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်း မှတ်တမ်းများအရ သိရှိရသည်။

အရပ်သားအစိုးရ လက်ထက်တွင် ပထမဆုံးအကြိမ်အဖြစ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကို မီးပေါ့ဆမှုဖြင့် အောင်မြေသာစံမြို့နယ် အမှတ် (၁) ရဲစခန်းတွင် အောင်မြေသာစံမြို့နယ် ရဲမှူးကိုကိုက တရားလိုပြုလုပ်၍ အမှုဖွင့်ထားခြင်း ဖြစ်သည်။

The Voice Weekly