ဗန်းမောက်မြို့နယ်တွင် တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ဒေသခံရွာသားတစ်ဦးသေ၊ တစ်ဦးဒဏ်ရာရ

ပို့စ်တင်ချိန် - 5/05/2014 01:13:00 PM


သတင်း၊ ကိုတိုးကြီး
ဗန်းမောက်၊ မေ ၎
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ နန်းအော့ကျေးရွာ အမက စာသင်ကျောင်းဝင်းအတွင်း၌ ယခုလ ၁ ရက်နေ့ ည ၈ နာရီခွဲအချိန်က တပ်မတော်စစ်ကြောင်းမှ ပစ်ခတ်မှုဖြစ်ပွားခဲ့သဖြင့် ဒေသခံရွာသား တစ်ဦး သေဆုံးခဲ့ကြောင်း ဗန်းမောက်မြို့နယ် အမှတ်(၁) မဲဆန္ဒနယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦး အောင်ရွှေထံမှ သိရသည်။
“ သတ္တုတူးဖော်ရေးကုမ္မဏီပိုင်တစ်ခုရဲ့ ဘက်ဟိုးယာဉ်တစ်စီး မီးရှို့ဖျက်ဆီးခံရလို့ တပ်မတော်စစ်ကြောင်း က အဲ့ဒီဘက်ကို စစ်ကြောင်းထိုးနေတာပါ…။ ကချင်ပြည်နယ်နဲ့က နယ်နမိတ်ချင်း ထိစပ်နေတာကြောင့် ဆက်ကြေးကောက်ခံရတာတွေလည်း အကြိမ်ကြိမ်ရှိပါတယ်…” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ရွှေ မှ မဇ္ဈိမသို့ ပြောပြသည်။
ခလ၇(၆၂၈)တပ်မှ စစ်ကြောင်းမှူး ဗိုလ်မှူး အောင်မြဌေးနှင့်အဖွဲ့သည် ဗန်းမောက်မြို့နယ်၊ နန်းမားကျေးရွာ အုပ်စု၊ နန်းအော့ကျေးရွာ မူလတန်းကျောင်းဝင်းအတွင်းသို့ နယ်မြေရှင်း လင်းရေး လုပ်ငန်းစဉ်များ ဆောင် ရွက်ရန် ရောက်ရှိနေစဉ် ယခုလ ၁ ရက်နေ့ည ၈ နာရီခွဲအချိန်က စစ်ကြောင်းတပ်ဖွဲ့ဝင် နှစ်ဦးမှာ ဒေသခံရွာ သား ကိုစိုးအောင် ဆိုသူအား စစ်ဆေးမေးမြန်းရန်ရှိသည်ဟုဆိုကာ ကြိုးဖြင့်တုတ်နှောင်၍ စာသင်ကျောင်း ၀င်းအတွင်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထို့နောက် စစ်ကြောင်း ဗိုလ်မှူးမှ ထိုသူအား စစ်ဆေးမေးမြန်းခဲ့ပြီး နောက် နေအိမ်သို့ ပြန်လည်လွှတ်ပေးခဲ့သည်။
ထိုအချိန်၌ စစ်ဆေးမေးမြန်းရန် ခေါ်ဆောင်ခြင်းခံရသူ ကိုစိုးအောင် ဆိုသူသည် စာသင်ကျောင်းဝင်းအနီးရှိ ဒေါ်နှင်းရီ၏ နေအိမ်ကုန်စုံဆိုင်(ဈေးဆိုင်)၌ ထိုင်နေခဲ့သည်။ ထိုအချိန်တွင် ဒေါ်နှင်းရီ၏ ဈေးဆိုင်ရှိ စားပွဲခုံ ပေါ်တွင်ထားရှိသော လက်နှိပ်ဓာတ်မီးအား စစ်ကြောင်းအဖွဲ့မှ စာသင်ကျောင်းဝင်းအတွင်းသို့ ယူဆောင် သွားသဖြင့် ကိုစိုးအောင်မှ လက်နှိပ်ဓာတ်မီးပြန်လည်ယူဆောင်ရန် စာသင်ကျောင်းဝင်းအတွင်းသို့ လိုက်ပါ သွားခဲ့ခြင်းဖြစ်သည်။
“ ည ၁၀ နာရီခွဲလောက်မှာ မပြေးနဲ့ …မပြေးနဲ့ (ပစ်…ပစ်..)ဟု အမိန့်ပေးသံကြားရပြီးနောက် သေနတ်အတွဲ လိုက်ပစ်ခတ်သံများ ထွက်ပေါ်လာခဲ့ပါတယ်…” ဟု ဒေါ်နှင်းရီ၏ ဈေးဆိုင်သို့ ဈေးဝယ်လာရောက်သူ ဒေသခံရွားသားတစ်ဦးက ထိုနေ့ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်အား မံစီကြီးနယ်မြေရဲစခန်း ရဲအုပ် ထွန်းလင်း ခိုင်နှင့်အဖွဲ့ထံ ပြန်လည်ပြောပြခဲ့ကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် နန်းအော့ကျေးရွာနေ ကိုစိုးအောင် ဆိုသူသည် အမကစာသင်ကျောင်းဝင်းအတွင်း ၌ သေနတ်ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ အဆိုပါ လူသေဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ယခု လ ၂ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်တွင် ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးငြိမ်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး တင်မောင်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး သက်အောင်ဇင် တို့အဖွဲ့သည် လူသေဆုံးမှုဖြစ် ပွားရာအရပ်သို့သွားရောက်ခဲ့ကြသည်။ သေဆုံးသူ ကိုစိုးအောင် ဆိုသူ၏ ရုပ်အလောင်းကိုလည်း မြေမြုတ် သဂြိုလ်ခြင်း ပြုလုပ်မထားရန် ထိုအဖွဲ့က စစ်ကြောင်းမှူး ဗိုလ်မှူး အောင်မြဌေး ထံအကြောင်းကြားထားခဲ့ သေသည်ဟု သိရသည်။
ထို့နောက် နန်းအော့ကျေးရွာသို့ မံစီကြီးနယ်မြေရဲစခန်းမှူး ရဲအုပ် ထွန်းလင်းခိုင်နှင့်အဖွဲ့သည် ညနေ ၅ နာရီ ခွဲတွင် ရောက်ရှိလာကြပြီး ရဲလုပ်ငန်းစဉ်များအတိုင်း သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာအား စစ်ဆေး ဆောင်ရွက်ခဲ့ရာ အမကစာသင်ကျောင်း မျက်နှာစာခြံစည်းရိုးနှင့် သုံးပေခန့်အကွာနေရာတွင် ( ၅ ဒသမ ၅၆ ) ကျည်တစ်တောင့်၊ ဒဏ်ရာရသွေးစွန်းနေသော စစ်ကြောင်းတပ်ဖွဲ့ဝင်တစ်ဦး၏ ဘိနပ်တစ်ရံအား ကျေးရွာ ခေါင်းဆောင် ဦးညွှန့်အောင်မှ လိုက်လံပြသခဲ့ရာ ရဲအုပ် ထွန်းလင်းခိုင်နှင့်အဖွဲ့က ရှာဖွေပုံစံရေးသွင်း၍ သိမ်း ဆီးရယူခဲ့ကြောင်း သိရသည်။
ထိုနေရာအား ရဲတပ်ဖွဲ့မှ ဆက်လက်၍ ရှာဖွေစစ်ဆေးခဲ့ရာ သေနတ်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် အရက် အနံ့ပါရှိသော ပုလင်းခွံတစ်လုံး၊ သေနတ်ပစ်ခတ်ရာ၌ ကျည်ဆံထိမှန်ခဲ့သော စာသင်ကျောင်းခြံစည်းရိုးတို့ ကို ရဲတပ်ဖွဲ့မှ မှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးယူခဲ့သည်။ အဆိုပါ စာသင်းကျောင်း ခြံစည်းရိုးနှင့် ပေ (၁၀၀)ခန့်အကွာနေရာရှိ မချောရီ ဆိုသူ၏ နေအိမ်အကာထရံတွင် သေနတ်ပစ်ခတ်ရာ၌ ကျည်ဆံထိမှန် ထားသော အရာ(၃)ခုကိုလည်း ၎င်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ရသည်။ အဆိုပါ နေအိမ်ပိုင်ရှင်ဖြစ်သူ မချောရီ အသက်(၂၈)နှစ်ဆို၏ ညာဘက် ဦးခေါင်းစောင်နေရာတွင် ကျည်ဆံရှပ်ထိဒဏ်ရာ၊ အရေပြားပွန်းပဲ့ဒဏ်ရာ များရရှိခဲ့သည်။ အဆိုပါ ကျည်ဆံထိဒဏ်ရာများမှာ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ အခြေအနေမရှိကြောင်း ဒေသခံ ကျေးလက်ကျန်းမာရေးဌာနရှိ ကျန်းမာရေး ၀န်ထမ်းတစ်ဦးမှ မှတ်ချက်ပြုထားကြောင်း သိရသည်။
“ ရန်ငြိုးရန်စရှိလို့ စနစ်တကျပစ်ခတ်ကြတာမှမဟုတ်ဘဲ..။ နားလည်မှုလွဲမှားသွားလို့ အခုလိုဖြစ်ပွားခဲ့ရတာ ပါ..။ အခု အခြေအနေက စစ်ကြောင်းဘက်ကရော..သေဆုံးသူဘက်ကပါ နှစ်ဘက်ကြေအေးပြေလည်သွား ပါပြီ…” ဟု သေဆုံးသူ၏ အစ်ကိုတော်စပ်သူ ကိုမောင်မြင့်မှ အဆိုပါ ကိစ္စအား လာရောက်စစ်ဆေးသည့် ဌာနဆိုင်ရာ လူကြီးများထံ ပြောပြခဲ့သည်။
သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သော စစ်ကြောင်းအဖွဲ့မှ ဒေသခံ ရပ်မိရပ်များထံ လူမှုရေးအရညှိနှိုင်းဖြေရှင်း ဆောင်ရွက်ခဲ့ရာ သေဆုံးအားရည်စူး၍ ကောင်းမှုကုသိုလ်ပြုနိုင်ရန် စစ်ကြောင်းအဖွဲ့မှ ကျန်ရစ်သူမိသားစုထံ ငွေကျပ်သိန်း(၂၀)အား ကူညီပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သေနတ်ပ်စခတ်မှုကြောင့် လူသေဆုံးခဲ့ရသည့် ကိစ္စအား ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့ ဖုန်း ဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာတွင် တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက “ ရဲမှူး တင်မောင် ခရီးသွားနေပါတယ်..။ အဲ့ဒီ သေနတ်ပစ်ခတ်မှုနဲ့ လူသေဆုံးခဲ့ရတဲ့ကိစ္စကို မံစံကြီးနယ်မြေရဲစခန်းက (ပ) ၁၆/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၂ အရ အမှုဖွင့်ထားပါတယ်..” ဟု ယခုလ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က တုန့်ပြန်ပြောကြားခဲ့သည်။

ကိုတိုး ချင်းတွင်း