မန်ချက်စတာ ယူနိုက်တက်အသင်း၏ တန်ကြေး ကျဆင်းသွား

ပို့စ်တင်ချိန် - 5/09/2014 04:31:00 PM


ယခုရာသီ ရလဒ်ပိုင်း ဆိုးရွားအားနည်းမှုများနှင့်အတူ မန်ချက်စတာ ယူနိုက်တက် အသင်း၏ တန်ကြေးသည် သိသိသာသာ ယုတ်လျော့ ကျဆင်းသွားကြောင်း သိရှိရသည်။ ကမ္ဘာပေါ်တွင် တန်ဖိုးအမြင့်မားဆုံး ထိပ်တန်း ဘောလုံးကလပ် (၃)သင်း၌ ယူနိုက်တက် အနေဖြင့် ဆက်လက်ပါဝင်နေဆဲ ဖြစ်သည့်တိုင် ယမန်နှစ် နှိုင်းယှဉ်မှုအရ (၁၁)ရာခိုင်နှုန်းမျှ ကျဆင်းသွားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယူနိုက်တက်မှ မန်နေဂျာ ဆာအဲလက်စ် ဖာဂူဆန် ကျောခိုင်းထွက်ခွာသွားပြီး ဒေးဗစ်မိုယက်စ် ကိုင်တွယ်ခဲ့စဉ် တစ်လျှောက်လုံး မတည်ငြိမ်မှုများ ကြုံတွေ့ခဲ့ရပြီး လာမည့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ဆုံးရှုံးသွားခြင်းများက ယူနိုက်တက်၏ တန်ဖိုးသတ်မှတ်ချက်အပေါ် ကြီးကြီးမားမား အထိနာစေခဲ့သည်။

လက်ရှိအချိန်တွင် အင်္ဂလန် ထိပ်တန်းအသင်းကြီးက တန်ဖိုးသည် ပေါင်စတာလင် (၁.၆၅)ဘီလျံတွင် ရှိနေပြီး ၎င်း၏အထက်တွင် စပိန်မှ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့က ရပ်တည်နေသည်။ ယူနိုက်တက်၏ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးမှာမူ တန်ဖိုး(၂၅)ရာခိုင်နှုန်းထိ မြင့်တက်လာကာ အဆင့်(၇)နေရာ၌ ဝင်ရောက်တန်းစီခဲ့သည်။ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ထိပ်တန်း(၁၀)သင်း စာရင်းတွင် အင်္ဂလန်မှ (၅)သင်းတိတိ စာရင်းဝင်ခဲ့ပြီး စပိန်ကမူ ထိပ်ဆုံး(၂)နေရာကို သိမ်းပိုက်ကာ ဂျာမနီမှ (၁)သင်းနှင့် အီတလီမှ (၂)သင်းတို့ ပါဝင်လာသည်ကို တွေ့ရသည်။ ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဘောလုံးကလပ် (၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။

ရီးယဲလ်မက်ဒရစ် … ပေါင်စတာလင် (၂)ဘီလျံ
ဘာစီလိုနာ … ပေါင်စတာလင် (၁.၉)ဘီလျံ
မန်ချက်စတာယူနိုက်တက် … ပေါင်စတာလင် (၁.၆၅)ဘီလျံ
ဘိုင်ယန်မြူးနစ် … ပေါင်စတာလင် (၁.၁)ဘီလျံ
အာဆင်နယ် … ပေါင်စတာလင် (၇၆၇)သန်း
ချယ်လ်ဆီး … ပေါင်စတာလင် (၅၁၁)သန်း
မန်ချက်စတာစီးတီး … ပေါင်စတာလင် (၅၀၈)သန်း
အေစီမီလန် … ပေါင်စတာလင် (၅၀၄)သန်း
ဂျူဗင်းတပ်စ် … ပေါင်စတာလင် (၅၀၁)သန်း
လီဗာပူးလ် … ပေါင်စတာလင် (၄၀၇)သန်း