စက်ရုံပင်မ၀င်ပေါက် ပိတ်ဆို့ထားသည့် လုပ်သား (၄၀)အား အရေးယူပေးရန် အလုပ်ရှင်က တိုင်ကြား

ပို့စ်တင်ချိန် - 5/24/2014 03:06:00 PM



သိန်းကိုလွင်
အာရှနှင်းဆီ အထည်ချုပ်စက်ရုံ ပင်မ၀င်ပေါက်အား ပိတ်ဆို့ထားသည့် အလုပ်သမား (၄၀) ဦးအား  အရေးယူပေးရန် အလုပ်ရှင်မှ လှိုင်သာယာမြို့နယ် ရဲစခန်းသို့ တိုင်ကြားထားကြောင်း သိရသည်။

                အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ညှိနှိုင်းဆွေးနွေးပွဲသို့ အလုပ်ရှင်လာရောက်မှု မရှိသည့် အကြောင်းပြချက်ဖြင့် အလုပ်သမားများက စက်ရုံအား ပိတ်ဆို့ထားခြင်းဖြစ်ပြီး လုပ်ခလစာတိုးမြှင့် ဖော်ထုတ်နေသည့် လုပ်သား (၄၀၀) ဦးနီးပါး အနက်မှ (၄၀) ဦးအား ရွေးချယ်တိုင်ကြား ထားခြင်း ဖြစ်သည်။

                 တရားမ၀င် ပိတ်ဆို့နေလို့ တိုင်တာပါ။ အလုပ်ကောင်းကောင်းမွန်မွန် လုပ်နေတဲ့ လုပ်သားတွေကို ထိခိုက်လို့ တိုင်တာဖြစ်တယ် ဟု အာရှ နှင်းဆီ အထည်ချုပ် ပိုင်ရှင်မှ အထူးအာဏာကုန် လွှဲအပ်ထားသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်မြင့်က ပြောသည်။ အာရှနှင်းဆီ အထည်ချုပ် စက်ရုံတွင် အလုပ်ရှင် အလုပ်သမား အငြင်းပွားနေမှုအား ယမန်နေ့က စက်ရုံရှေ့တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလုပ်သမားဦးစီးဌာနမှ တာဝန်ရှိသူများ သွားရောက် ညှိနှိုင်းသော်လည်း အလုပ်ရှင် အလုပ်သမား နှစ်ဖက်လုံးမှ အလျော့ပေးခြင်း မရှိ၍   ညှိနှိုင်းမှု မပြေလည်ခဲ့ကြောင်း  လှိုင်သာယာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထိန်စိုး က The Messenger  သတင်းစာသို့ ပြောသည်။  

                 အလုပ်ရှင်ရော အလုပ်သမားရော တစ်ဖက်နဲ့ တစ်ဖက်ဘယ်သူမှ အလျော့မပေးဘူး။ တာဝန်ရှိတဲ့ သူအားလုံးက ပြေပြေလည်လည်ပဲဖြစ် သွားစေချင်တယ်။  အလုပ်ရှင်က အပေါက်ဝ ပိတ်ဆို့မှုနဲ့ တိုင်တာက သူတို့မှာ တိုင်ပိုင်ခွင့်ရှိတယ်။ အလုပ်သမားကို တရားစွဲ တဲ့ပုံစံဆိုရင်တော့ နှစ်ဦး နှစ်ဖက် ပိုနစ်နာနိုင်တယ် ဟု ၎င်း က ပြောသည်။ အာရှနှင်းဆီ အထည်ချုပ်စက်ရုံ လုပ်သား (၄၀) ဦးအား အရေးယူပေးရန် တိုင်ကြားမှုအား လှိုင်သာယာ မြို့နယ်ရဲစခန်းသို့ မေးမြန်းရာ တာဝန်ချိန် ပြောင်းလဲထား၍ အသေးစိတ် သိရှိမှု မရှိဘဲ ဖြစ်စဉ် အလုံးစုံအား သိရှိလိုပါက ရဲစခန်းသို့ လာရောက် မေးမြန်း နိုင်ကြောင်း   လှိုင်သာယာမြို့နယ် ရဲစခန်းမှ တာဝန်မှူးက က The Messenger  သတင်းစာ သို့ပြောသည်။ ၂၀၁၄ ခုနှစ် မေလ (၇) ရက် နေ့ မှစတင်၍ လုပ်ခလစာ တိုးမြှင့်ပေးရန် အပါအ၀င် တောင်းဆိုချက် (၁၃) ချက် တောင်းဆိုနေသည့် အလုပ်ရှင် အလုပ်သမား အငြင်းပွားမှုသည် ဥပဒေအရ သုံးကြိမ် တိတိ ညှိနှိုင်းဆွေးနွေးပြီး ဖြစ်သော်လည်း  ပြေလည်မှု မရသောကြောင့် ရန်ကုန်တိုင်း ခုံသမာဓိကောင်စီသို့ တင်ပြထားကြောင်း သတင်းရရှိသည်။

The Messenger