ရွှေတိဂုံစေတီပုံစံတူ ကိတ်မုန့်ပြုလုပ်ခွဲစားခြင်း သာသနာရေးဝန်ကြီးဌာနမှ တရားစွဲဆိုရန်မရှိ သမ္မတရုံးမှ သဘောထားအတိုင်းသာ ဖြစ်မည်

ပို့စ်တင်ချိန် - 5/09/2014 09:31:00 AM


ရန်ကုန်၊ မေ ၇

ဥရောပနှင့် မြန်မာပြည်သို့ တိုက်ရိုက်ပြေးဆွဲမည့် Condor လေကြောင်းလိုင်း ဖွင့်ပွဲတွင် စိန်ဖူးတော်နေရာ၌ လက်ဝါးကပ်တိုင် ပါရှိသော ရွှေတိဂုံပုံစံတူ ကိတ်မုန့် ပြုလုပ်၍ ခွဲစားခြင်းသည် ဘာသာနှစ်ခုကြား အငြင်းပွားဖွယ်ရာ ဖြစ်လာနိုင်သည်ဟု မေလ ၆ ရက်တွင် ရွှေည၀ါ ဆရာတော် ဘဒ္ဒန္တပညာသီဟက မြန်မာသံတော်ဆင့်သို့ မိန့်ကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ဗုဒ္ဓဘာသာဝင်များ၏ အထွတ်အမြတ် ရွှေတိဂုံဘုရား စေတီပုံစံတူ ကိတ်မုန့်ပြုလုပ် စားခဲ့ခြင်းအတွက် ဥရောပ လေကြောင်းလိုင်းနှင့် ပါဝင်ခဲ့သူများအပေါ် မြန်မာနိုင်ငံ သာသနာရေး ၀န်ကြီးဌာနမှ တရားစွဲဆိုရန် မရှိကြောင်းနှင့် ယင်းကိစ္စမှာ အစိုးရ သမ္မတရုံး၏ သဘောထား အတိုင်း သာ ဖြစ်နိုင်ကြောင်း သာသနာရေး ပြည်ထောင်စုဝန်ကြီး၏ ကိုယ်ရေးအရာရှိ ဦးအောင်သူမင်းက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ထိုသို့ ရွှေတိဂုံပုံစံတူ ကိတ်မုန့်ပြုလုပ်ပြီး ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်နှင့်အတူ ၎င်းလေကြောင်းလိုင်း တာဝန်ရှိသူများက ယင်းကိတ်မုန့်ကို ပျော်ပျော်ပါးပါး လှီးဖြတ် စားသောက်သည့် ဓာတ်ပုံများနှင့်အတူ ဝေဖန်ချက်များ အင်တာနက် စာမျက်နှာပေါ်တွင် အကျယ်တ၀င့် ဖော်ပြခဲ့ကြသည်။

အဆိုပါ Condor လေကြောင်းလိုင်းဖွင့်ပွဲကို ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာ ၆ ရက်က ဂျာမနီနိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး Condor လေကြောင်းလိုင်း ၀က်ဘ်ဆိုက် စာမျက်နှာများပေါ်တွင် နိုဝင်ဘာ ၁၃ ရက်တွင် ဖော်ပြခဲ့ပြီး (၂)နှစ်ခန့် အကြာမှသာ မြန်မာနိုင်ငံ အင်တာနက်/၀က်ဘ်ဆိုက် စာမျက်နှာများတွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်သည်။

““မြန်မာနိုင်ငံရဲ့ အထွတ်အမြတ်ထားတဲ့ ရွှေတိဂုံစေတီကို ပုံစံတူပြုလုပ်ပြီး ကိတ်မုန့်လုပ် ခွဲစားတာ အင်မတန် အရုပ်ဆိုးလှပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို လုပ်တာ ဗုဒ္ဓဘာသာကို ညစ်နွမ်းစေပါတယ်။ လုံးဝ မလုပ်သင့်ပါဘူး။ မလုပ်လည်း မလုပ်အပ်ပါဘူး။ စိန်ဖူးတော်နေရာမှာ လက်ဝါးကပ်တိုင် ထားတာက ဘယ်လို သဘောမျိုးလဲ မသိပေမယ့် ဘာသာနှစ်ခုကြား အငြင်းပွားလာနိုင်တယ်။ ဒီလိုလုပ်နေတာတွေကို မြန်မာသံအမတ်ကိုက မတားဆီးဘဲ ပါနေတာ တော်တော်လေး အံ့သြဖို့ကောင်းတယ်။ ဒီလို လုပ်သင့်လား၊ မလုပ်သင့်လားဆိုတာ သူက ပိုသိရမယ်””ဟူ၍ ရွှေည၀ါဆရာတော်က မိန့်သည်။

အဆိုပါ ဖြစ်စဉ်နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့၊ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို)၊ သာသနာရေး ၀န်ကြီးဌာနနှင့် အခြားသော ဘာသာရေး အဖွဲ့အစည်းများက ၎င်းလုပ်ရပ်ကို လည်းကောင်း၊ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်ကိုလည်းကောင်း မြန်မာပြည်သူပြည်သား များအားလုံး၏ ကိုယ်စား ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ပြီး ဖြစ်သည်။

ရွှေတိဂုံပုံစံတူ ကိတ်မုန့်ပြုလုပ်၍ ခွဲဝေ စားသောက်ရာတွင် ပါဝင်ခဲ့သူ ဂျာမနီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးနွယ်အား မြန်မာနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ခေါ်ယူ သတိပေးပြောကြားခြင်း ရှိမရှိနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန စီမံကိန်းနှင့် စီမံရေးရာသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ယင်းကိစ္စရပ်များကို ကိုင်တွယ် ဖြေရှင်းသည့်အဖွဲ့ သီးသန့်ဖွဲ့စည်းထား၍ ၎င်းအဖွဲ့သို့သာ မေးမြန်းရန်နှင့် အဆိုပါဖြစ်စဉ်သည် နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့အရ ဖြစ်ခြင်းဖြစ်ပြီး အခြားသော ပြည်ပနိုင်ငံများသည် အယူအစွဲမရှိ၍ ယခုကဲ့သို့ ဖြစ်ပေါ်ခြင်း ဖြစ်နိုင်သည်ဟု တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောသည်။

ထို့နောက် ယင်းကိစ္စရပ်များ ကိုင်တွယ် ဖြေရှင်းသည့်အဖွဲ့မှ အတွင်းရေးမှူးဖြစ်သူ နိုင်ငံခြားရေး ၀န်ကြီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျသို့ ဆက်သွယ် မေးမြန်းခဲ့ရာ ၎င်းတို့အနေဖြင့် ကိုင်တွယ်ခြင်း မဟုတ်ကြောင်း၊ စီမံဌာနမှသာ ဆုံးဖြတ်ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် စီမံကိန်းနှင့် စီမံရေးရာ ဌာနသို့ ပြန်လည် ဆက်သွယ်ခဲ့ရာ ၎င်းတို့အနေဖြင့် ထုတ်ဖော်ပြောကြားခွင့် မရှိကြောင်း ဖြေကြားခဲ့သည်။

ရွှေတိဂုံစေတီတော်သည် ရန်ကုန်မြို့ သိင်္ဂုတ္တရကုန်းတော်တွင် တည်ရှိပြီး ဖိနပ်တော်မှ စိန်ဖူးတော်ထိ ဉာဏ်တော် ၃၂၆ ပေ ရှိသည့်အတွက် ကမ္ဘာ့အံ့ဖွယ် တစ်ခုဖြစ်သည့်အပြင် ကမ္ဘာပေါ်ရှိ အမြင့်ဆုံးစေတီ တစ်ဆူဖြစ်သည်။ မြန်မာနိုင်ငံ၏ အစောဆုံး တည်ထားကိုးကွယ်သော စေတီတော်ဖြစ်ပြီး ပွင့်တော်မူပြီးသော မြတ်စွာဘုရား ၄ ဆူတို့၏ ဓာတ်တော်မြတ်လေးပါးဖြင့် ဌာပနာထား ကိုးကွယ်ခြင်းဖြစ်၍ မြန်မာ ပြည်သူ ပြည်သားများ၏ အထွတ်အမြတ်ထားရာ စေတီတော်မြတ်ကြီးဖြစ်သည်။

ဝတ်ရည်နွေးနွေး
myanmarthandawsint