အစာအိမ်အူလမ်းကြောင်း ရောဂါရှာဖွေရေး နည်းသစ် မြန်မာပြည်မှာ ပထမဆုံး အခမဲ့ ရပြီ

ပို့စ်တင်ချိန် - 5/30/2014 08:38:00 AM




အစာအိမ်နဲ့အူလမ်းကြောင်းမှာဖြစ်တဲ့ ရောဂါရှာဖွေရေးအတွက် နိုင်ငံတကာသုံး ဆေးတောင့်ပုံကင်မရာ Endoscopic Capsule သုံးပြီး ကုသတဲ့စနစ်ကို မြန်မာနိုင်ငံမှာ ပထမဆုံး စတင်လိုက်ပါပြီ။ ရန်ကုန်ဆေးရုံကြီးမှာ မေလ ၂၇ရက်နေ့က စတင်မိတ်ဆက်ပြသခဲ့ပါတယ်။

အစာအိမ်နဲ့ အူလမ်းကြောင်းကို မှန်ပြောင်းနဲ့ကြည့်ပြီး ရောဂါရှာရာကနေ Capsule ပုံစံ ကင်မရာသုံးတဲ့ နည်းပညာသစ်ကြောင့် အူသိမ်ပိုင်းထဲက အစိတ်အပိုင်းတွေကို လွယ်လွယ်ကူကူပဲ ရောဂါရှာဖွေနိုင်သလို ကင်မရာကလည်း ဆေးတောင့်ပုံဖြစ်တာမို့ အလွယ်တကူ မျိုချနိုင်တာကြောင့် အချိန်ကုန်လည်း သက်သာတယ်လို့ ဌာနမှူးက ရှင်းပြပါတယ်။

ဆေးတောင့်ပုံ ကင်မရာဟာ တစ်စက္ကန့်ကို ၃ပုံနဲ့ နာရီပေါင်း ၁၂နာရီမှာ ဓာတ်ပုံ တစ်သိန်းနှစ်သောင်းကို အရည်အသွေးမြင့်မြင့် ကြည့်နိုင်ပြီး ရောဂါရှာဖွေရေး လုပ်နိုင်တဲ့အကြောင်း၊ ရန်ကုန်ဆေးရုံကြီးမှာ အသင့်ဝယ်ပြီးသား Capsule ၁ဝကို အူသိမ်မှာ ရောဂါအဖြစ်အများဆုံး လူနာတွေကို ဦးစားပေးကုသနေတယ်လို့ ဆိုပါတယ်။

ရောဂါရှာဖွေရေး တစ်ခါသုံး Capsule Endoscopic ကင်မရာတစ်ခုဟာ ကျပ် ၅သိန်းတန်ဖိုးရှိသလို ပုံရိပ်တွေတစ်ဆင့်ပြန်ဖမ်းပေးတဲ့ Sensor ၉ခုပါတဲ့ Receiver စက်ကတော့ သိန်း ၁၅ဝရှိပြီး တောင်ကိုရီးယားနိုင်ငံ IntroMedic ကုမ္ပဏီကနေ မှာယူတာလို့ ဆိုပါတယ်။

Capsule ထည့်ပြီး ရောဂါရှာဖွေချင်ရင် နိုင်ငံခြားထိထွက်ခဲ့ရတဲ့အကြောင်း၊ ထိုင်းနိုင်ငံမှာ ရောဂါရှာဖွေခတင် သိန်း ၂ဝလောက်ကုန်ပြီး အခုလို မြန်မာပြည်တွင်းမှာ ရောဂါရှာဖွေနိုင်ပြီမို့ ပြည်သူတွေအတွက် အဆင်ပြေတယ်လို့ စက်ပစ္စည်းတွေ မှာယူတင်သွင်းပြီး ပြန်လည်ဖြန့်ချိတဲ့ ဇီဇဝါကုမ္ပဏီက ဆိုပါတယ်။

မြန်မာပြည်မှာ Capsule Endoscopic သုံး နည်းပညာဟာ ရန်ကုန်ဆေးရုံကြီး၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးနဲ့ မန္တလေးဆေးရုံကြီးတွေမှာပဲ သုံးစွဲနိုင်တာဖြစ်ပြီး အခမဲ့ရှာဖွေပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။


Kamayut